နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

“ရွေးကောက်ပွဲ” လို့ ဆိုလိုက်ရင် ကျွန်တော်တို့ မြန်မာပြည်သူတွေနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ မကြာခင် ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုရဲ့ ၂၀၂၅ ရွေးကောက် ပွဲဟာ လက်ရှိကာလမှာ ကျွန်တော်တို့ နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေပြီလားဆိုတာကို အလေးအနက် စဉ်းစားဖို့ လိုလာပါပြီ။

ဒီမိုကရေစီကို ဖော်ဆောင်ချင်တဲ့ နိုင်ငံတွေအတွက် ရွေးကောက်ပွဲဟာ မလွဲ မသွေ ဖြတ်သန်းရမယ့် လမ်းစဉ်ဖြစ်ပေမဲ့ နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ မြန်မာလူထုအတွက်တော့ ဒီရွေးကောက်ပွဲဟာ မျှော်လင့် ချက်ထက် စိုးရိမ်ပူပန်မှုတွေကိုပဲ ဖြစ်စေပါတယ်။

“ဒါဟာ တကယ်ပဲ နိုင်ငံအတွက် ထွက်ပေါက်လား၊ ဒါမှမဟုတ် ပိုဆိုးမယ့် အန္တရာယ်လား” ဆိုတာကို ကျွန်တော်တို့ သေချာဆန်းစစ်ကြည့်ရအောင်ပါ။

🟥တကယ်ဘာဖြစ်မှာလဲ

ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒအရ ပေါ်လာတာ မဟုတ်ပါဘူး။ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ရဲ့ တရားမဝင်မှုကို တရားဝင်မှုအဖြစ် ရယူဖို့ ကြိုးစားတဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိမှာ NLD အပါအဝင် အတိုက်အခံပါတီ ၄၀ ကျော်ကို ဖျက်သိမ်းထားတဲ့ အခြေအနေဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှုမျိုး မဟုတ်တာ သေချာပါတယ်။ လူပေါင်းများစွာ အသက်ပေးခဲ့ရတဲ့ နာဂစ်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းပြီး ကျင်းပမယ့် အခု ရွေးကောက်ပွဲဟာ စစ်တပ်က နိုင်ငံရေးမှာ ဆက်ပြီး ကြီးစိုးထားမယ့် စနစ်ကိုပဲ အထိုင်ချပေးမှာပါ။

အရင်နဲ့မတူဘဲ ရှုပ်ထွေးတဲ့ PR စနစ်ကို သုံးထားတာကလည်း သူတို့လူတွေ အသာစီးရဖို့ ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဆီကို သွားနေတာ မဟုတ်ပါဘူး။

🟥လူထုဘဝကိုဘယ်လိုထိခိုက်မလဲ

စစ်ကော်မရှင်ဟာ ဒီရွေးကောက်ပွဲအတွက် “ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ” ဆိုတာကိုတောင် ပုံဖော်ထားပါတယ်။ ဒါဟာ သူတို့လုပ်တာကို မကန့် ကွက်ရဲအောင် ခြိမ်းခြောက်တာပါပဲ။ အခုဆိုရင် ရွေးကောက်ပွဲ ဥပဒေနဲ့ပဲ လူ ၂၃၀ နီးပါးကို အရေးယူထားတယ်လို့ ဆိုလာပါတယ်။

တစ်ဖက်မှာလည်း သူတို့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲနေပြီး ကျန်တဲ့ဒေသတွေမှာလည်း ဧည့်စာရင်း၊ ထောက်ခံစာတွေနဲ့ ကျောင်းသားလူငယ်တွေကို ကြိုတင်မဲပေးဖို့ ဖိအားပေးနေပါတယ်။ ဒီကြားထဲ မြန်မာကျပ်ငွေ တန်ဖိုးကလည်း ထိုးကျနေတော့ လူထုရဲ့ ထက်ဝက် နီးပါးဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံနေရပါတယ်။

ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို လျော့ကျစေမှာ မဟုတ်သလို၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကိုပဲ ပြည်သူတွေက ဆက်ပြီး ခံရဖို့ ရှိနေပါတယ်။

🟥ဘာဆက်လုပ်ကြမလဲ

ဒီလို အကျပ်အတည်းတွေကြားမှာ ပြည်သူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံ့အနာဂတ်အတွက် အဆုံး အဖြတ် ဖြစ်လာပါတယ်။ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းမပေးနိုင်ဘဲ ပဋိပက္ခတွေကိုပဲ ပိုကြီးထွားစေမှာပါ။

အမှန်တကယ် ပြောင်းလဲမှုကို ဖန်တီးနိုင်တာ ပြည်သူပဲ ရှိပါတယ်။ ဘယ်အာဏာရှင်မှ ပြည်သူ့ဆန္ဒမပါဘဲ ရေရှည် မရပ်တည်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ လုပ်ရပ်တစ်ခုချင်းစီဟာ “အာဏာရှင် သက်ဆိုး ရှည်ဖို့လား” ဒါမှမဟုတ် “စစ်မှန်တဲ့ လွတ်မြောက်ရေးအတွက်လား” ဆိုတာကို အသေအချာ ချိန်ဆဖို့ လိုပါတယ်။

အာဏာရှင်ရဲ့ နိုင်ငံရေးပြယုတ်တစ်ခုဖြစ်တဲ့ ဒီ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်တာဟာ ပိုကြီးမားတဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

ဒါကြောင့် မိမိတို့ အနာဂတ်ကို ဘယ်သူ့လက်ထဲ ပုံအပ်မလဲဆိုတဲ့စိုးရိမ်စိတ်ထက် ဉာဏ်ပညာကို ရှေ့တန်းတင်ပြီး သတိကြီးစွာ ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။