ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်စိုက်ဘဏ်အတွင်းရေးမှူးက စိုက်ဘဏ်ငွေများကို ယူဆောင်ပြီး လိမ်လည်ထွက်ပြေးသွားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာနေ ဦးဇော်ဇော်မှာ ရပ်ကွက်စိုက်ဘဏ်အတွင်းရေးမှူးဖြစ်ပြီး တောင်သူများ ဆပ်ထားသည့် စိုက်ဘဏ်ငွေများကို ယူဆောင်ထွက်ပြေးခြင်းဖြစ်သည်။
ဦးဇော်ဇော်ကို ၂၀၁၃ ခုနှစ်ကတည်းက စိုက်ဘဏ်အတွင်းရေးမှူးအဖြစ်ခန့်ထားကြောင်း ဒေသခံများကပြောဆိုသည်။
“လယ်သမား ဆပ်ထားတဲ့ ဘဏ်ငွေတွေကို သူက ဘဏ်ကိုမဆပ်ပဲ ထွက်ပြေးသွားတာ။ တောင်သူတွေ ငွေလာမဆပ်ဘူးဆိုပီး ဘဏ်ကလဲ စားတွေပေးတာ။ အဲစာတွေကို လယ်သမားတွေမပေးပဲ သူက ကြားထဲကနေ ဖျောက်ပြစ်တော့ တောင်သူတွေက လိမ်ထားမှန်မသိဘူးပေါ့။ နောက်မှ လိမ်ပြေးမှန်း သိရတာပါ”ဟု ရေတွင်းဆိပ်အုပ်စုရှိ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။
အဆိုပါ စိုက်ဘဏ်ချေးငွေမှာ ၂၀၂၀-၂၀၂၁ ခုနှစ် NLD အရပ်သားအစိုးရလက်ထက်က ချေးယူခဲ့သည့် ငွေကြေးများဖြစ်ပြီး ၂၀၂၃-၂၀၂၄ခုနှစ်တွင် ရပ်ကွက်စိုက်ဘဏ်အတွင်းရေးမှူး ဦးဇော်ဇော်ထံ စိုက်ဘဏ် ငွေအရင်းအတိုးပါ ဆပ်ခဲ့ကြကြောင်း တောင်သူများကပြောသည်။
“သူ့ကို စ်ိုက်ဘဏ်အတွင်းရေးမှူးခန့်ထားတာ ၂၀၁၃ ထဲကပါ။ ဘဏ်ငွေသွားဆပ်တော့ သူ့မိန်းမလည်းရှိပါတယ်။ ဒီကိစ္စကို ဖြေရှင်းပေးဖို့ သူ့အိမ်က မိသားစုကို အုပ်ချုပ်ရေးမှူးကခေါ်တယ်။ ဒါကို ဘယ်သူမှ းမလာကြဘူး။ ခုဝောာ့ တောင်သူတွေမှာ အတိုးတွေအများကြီးနဲ့ တစ်ခါ ထပ်ဆပ်ရတယ်”ဟု တောင်သူတစ်ဦးက ဆက်လက်ပြောသည်။
ရပ်ကွက်စိုက်ဘဏ်အတွင်းရေးမှူး ဦးဇော်ဇော်၏ ဇနီးဖြစ်သူမှာလည်း စစ်ကော်မရှင်လက်အောက်ခံ ဝဲကြီးကျေးရွာအုပ်စု၏ ထွေအုပ် စာရေးမဖြစ်ပြီး ၎င်း၏ အမျိုးသားကိစ္စကို တာဝန်မယူနိုင်ကြောင်း ပြောဆိုသည်ဟု သိရသည်။
လက်ရှိတွင် ဦးဇော်ဇော်မှာ တောင်သူ ၁၀ ဦးဝန်းကျင်ထံက ကျပ်ငွေ သိန်း၂၀၀ နှစ်ရာ ကျော်နှင့်အတူ ရန်ကုန်မြို့တွင် တိမ်းရှောင်နေပြီး တောင်သူအချို့က တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။
ဓာတ်ပုံ-စိုက်ဘဏ်အတွင်းရေးမှူး ဦးဇော်ဇော်