ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ကရင်တစ်မျိုးသားလုံး၏ လိုလားချက်နှင့် မျှော်လင့်ချက်များ ပြည့်ဝစေရန်အတွက် မတူကွဲပြားမှုများကို ဘေးဖယ်ကာ မိမိတို့အဖွဲ့အစည်းတစ်ခုတည်း၏ အကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်း ပြောကြားခဲ့သည်။
ယနေ့ကျရောက်သည့် (၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်လူမျိုးများကို အခြေခံ၍ တည်ထောင်ထားသည့် အဖွဲ့အစည်းများအားလုံးသည် အမျိုးသားရေး အတွက် ခိုင်မာစွာရပ်တည်ကာ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
“မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွားအတွက်ကိုပဲ ကြည့်တာမျိုးမလုပ်ဘဲ ကရင်လူမျိုးနဲ့ နိုင်ငံ့အကျိုးစီးပွားကို ရှေ့ရှုပြီး ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ထို့အပြင် ကရင်အမျိုးသားရေး ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသော အဖွဲ့အစည်းများ အားလုံးသည် ဘုံရည်မှန်းချက်နှင့် ခေါင်းဆောင်မှုတစ်ခုတည်းအောက်တွင် စုစည်းညီညွတ်စွာဖြင့် အကောင်အထည်ဖော်ကြရန်လည်း တိုက်တွန်းထားသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ အာဏာထာဝရ တည်တံ့ခိုင်မြဲနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် သေချာပေါက် အနိုင်ရရန်အတွက်လည်း ပြင်ဆင်စီမံ နေသလို စစ်ခေါင်းဆောင်အများအပြား ပါဝင်အရွေးခံ၍ အနိုင်ရရေး နည်းလမ်းမျိုးစုံ သုံးနေပြီး ၎င်းတို့၏အဓမ္မ အုပ်ချုပ်မှုအောက်တွင် မတရားမှုများကို အားလုံးရင်ဆိုင်ခံစားနေရကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
ကရင့်အမျိုးသားတော်လှန်ရေး၏ ရည်မှန်းချက်မှာ အာဏာရှင်ဝါဒနှင့် ပုံသဏ္ဍာန်အမျိုးမျိုးကို တိုက်ဖျက်ဖြိုချကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်ဖြစ်ပြီး ကရင်အမျိုးသား များနှင့်တကွ တိုင်းရင်းသားပြည်သူအားလုံး၏ လိုလားချက်များ ပြည့်ဝရရှိရေးအတွက် ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ- KNU