ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

ကရင်နီပြည်နယ်အတွင်း ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှစ၍ လာမည့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့အထိကို အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် သတိထားနေထိုင်ကြရန် ကရင်နီပြည်တပ်မတော်(KA) က ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်အတွင်း ခရစ်စမတ်ကာလနှင့် နှစ်သစ်ကူးအချိန်ကာလများတွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ နေထိုင်သွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းများကို မလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်ကတည်းက ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး အချိန်ကာလများတွင် သတ်ဖြတ်မှုများ၊ ရာဇဝတ်မှုများကို ယနေ့အချိန်အထိ ပြုလုပ်နေခြင်းကြောင့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတခါနှင့်ဆိုရင် မိအေးလေးခါနာသွားပြီ၊ အဆုံးစွန်ရောက်သွားပြီ ဆင်လိုက်ရှာတယ်၊ အကောင်တွေ့ပြီဘဲ-ဆင်ကောင်မမြင်မတွေ့ ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာကြအုံးမလား မေးလိုသည်။ သေချာသည်မှာ အာဏာရှင်များ ကျဆုံးပါမည်။
တော်လှန်ရေးကို ပါဝင်အင်အားဖြည့်ရန် လိုပါကြောင်း သတိပေးလိုက်ရပါသည်” ဟု KA ကထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် စစ်တပ်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်လည်း တရားမဝင်ရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရာဒေသဖြစ်သည့် လွိုင်ကော်မြို့တွင်း မြို့ပြင်မှ ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန်လည်း ပြောဆိုထားသည်။

စစ်ကော်မရှင်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို အဓိကထားကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လေ့ရှိပြီး အထိမ်းအမှတ်ပြုလုပ်နေသည့် ဘာသာရေးအခမ်းအနားများ၊ ဆေးရုံများ၊ ဒေသတွင်းပွဲတော်များ၊ လူစုဝေးရာနေရာများကို ပစ်မှတ်ထားကာ လေကြောင်းမှဗုံးကြဲသည့် ဖြစ်စဉ်များမှာ အာဏာသိမ်းလေးနှစ်ကျော် ကြာကာလတွင် အကြာခဏဖြစ်ပွားခဲ့သည်။

ပုံစာ – စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖရူဆိုရှိဘုရားကျောင်း(ပုံဟောင်း)

ဓာတ်ပုံ – KNDF