ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် ပြန်လည်ထိန်းချုပ် ထားသည့် စစ်ကော်မရှင်သည် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များကို ခေါ်ယူ၍ မြို့ခံပြည်သူများအား ဝါဒဖြန့်စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်ခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် က ကျောက်မဲမြို့သို့ သွားရောက်ခဲ့ပြီး “ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက် အဝန်း ဖော်ဆောင်ရေး” ခေါင်းစဉ်ဖြင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲတွင် စစ်ကော်မရှင်၏ ဝါဒဖြန့်ဗီဒီယိုဖြစ်သည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ကို ပြသခဲ့သည့် အပြင်ကျောက်မဲမြို့ခံများ ၎င်းတို့၏ ဝါဒဖြန့်ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်ရန် MRTV DTH စလောင်းအစုံ ၃၀ နှင့် Set Top Box ၂၀ တို့ကိုလည်း ပေးအပ်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းခြင်းဖြင့် ဘာသာရေးအရလည်း စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်တွင် ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/တေးသံရှင် ဟန်ထူးဈာန်၊ စျာစျာန်ဟန်သာနှင့် သံသာမိုးသိမ့် တို့ကိုပါ ခေါ်ဆောင်လာ၍ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့ပြင် တေးသံရှင် စစ်သွေး၊ ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့လည်း ပါဝင်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် စစ်ရေးအရ ဆုံးရှုံးခဲ့သော နယ်မြေအချို့ကို နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည် ရယူပြီးနောက် ယခုကဲ့သို့ အနုပညာရှင်များကို အသုံးချကာ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့် စည်းရုံးရေး များကို ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – MOI