ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ဒီဇင်ဘာ ၂၀ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကြီးအား စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်သတင်းကို လူမှုကွန်ရက်တွင် ပြန်လည်မျှဝေ (Like နှင့် Share) ခဲ့သည့် တောင်ငူမြို့မှ လူငယ်တစ်ဦးအား စစ်ကော်မရှင်က အထူးအမိန့်ဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ “NOW” ဓာတ်ပုံတိုက်မှ ကိုတရုတ်ကြီးဆိုသူ လူငယ်အား ဒီဇင်ဘာ ၁၇ ရက် ညပိုင်းတွင် နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ (CID) က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကိုတရုတ်ကြီးသည် လွတ်လပ်သော သတင်းဌာနတစ်ခုတွင် ဖော်ပြထားသော မြောက်ဦးဆေးရုံ ဗုံးကြဲခံရသည့် သတင်းအား “လုပ်ရက်လိုက်တာ၊ ကလေးတွေကော သနားပါတယ်” ခေါင်းစဉ်ဖြင့် မျှဝေ (Share) ခဲ့ပြီး Like ပေးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကို လာဖမ်းတဲ့အချိန်မှ လူမှုကွန်ရက်မှာ မြောက်ဦးဆေးရုံကိစ္စ Like & Share လုပ်လို့ လာဖမ်းတာလို့ ပြောမှ သိရတာ။ ဘယ်မှာချုပ်ထားလဲဆိုတာ ခုထိ အတိအကျ မသိရသေးဘူး” ဟု ကိုတရုတ်ကြီး၏ မိတ်ဆွေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးမှုသည် နယ်မြေခံ စစ်ကော်မရှင် လက်အောက်ခံအဖွဲ့များပင် ကြိုတင်သိရှိခြင်းမရှိဘဲ ပြည်ထဲ ရေး ဒုတိယဝန်ကြီး၏ တိုက်ရိုက်အမိန့်ဖြင့် နေပြည်တော်မှ CID အဖွဲ့က တောင်ငူအထိ ဆင်းပြီး လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက မြောက်ဦးဆေးရုံအား ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ကျူးလွန်မှုများအပေါ် လူသားချင်းစာနာမှုအရ ဝေဖန်ထောက်ပြသူများ ကိုပင် ရန်လိုသည့် သဘောထားဖြင့် ပစ်မှတ်ထားဖမ်းဆီးကာ ကြီးလေးသော ပြစ်ဒဏ်များဖြင့် ဖိနှိပ် လေ့ရှိသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကိုတရုတ်ကြီးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။