ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
တနင်္သာရီတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ၏ ခေတ္တထိန်းသိမ်းခြင်း ခံခဲ့ရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ PDF ရဲဘော် ၅၀ ခန့်မှာ ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင် လက်နက်များနှင့်အတူ မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကို အပါအဝင် ထားဝယ်ခရိုင် တပ်ရင်း (၂) မှ ရဲဘော်များ ပါဝင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းအကြား အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ဗျူဟာမှူး စောဒါးကိုက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုထားသည်။

“ဒီဖြစ်စဉ်က အဖွဲ့အစည်းအချင်းချင်း၊ ရဲဘော်အချင်းချင်းကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အထင်အမြင် လွဲမှားမှုမျိုးပါ။ ဒါကို အခုလို ညှိနှိုင်းဖြေရှင်းနိုင်တာဟာ နောင်မှာဖြစ်လာမယ့် ပြဿနာတွေအတွက် ပိုခိုင်မာတဲ့ နားလည်မှုနဲ့ ယုံကြည်မှုကို ရစေပါတယ်။ ရေရှည်အတွက် ပိုခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ခဲ့တာပါ” ဟု အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ KNUလက်အောက်ခံတပ်ဖွဲ့ဝင်ရဲဘော်များက PDFရဲဘော်များကို ဖမ်းဆီးမှုဖြစ်ခဲ့သည့်အပေါ် စစ်ကော်မရှင်လက်အောက်ခံ စစ်လော်ဘီများက ၎င်းတို့၏ Face book လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရမ်ချန်နယ်များတွင် သွေးထိုးခဲ့ကြသည်။
သွေးထိုးရာတွင် နှစ်ဖက်အဖွဲ့အစည်းအပေါ် ကာတွန်းများဖြင့် သရော်ခြင်း၊ “KNU က PDF များကို ရိုက်နှက်နှိပ်စက်သည်” ဟူသော သတင်းမှားများဖြန့်ခြင်းနှင့် လူမျိုးရေးသွေးခွဲသည့် အရေးအသား များဖြင့် ကျယ်ကျယ်ပြန့်ပြန့် သွေးထိုးလှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေရော၊ ရဲဘော်တွေရောက တော်လှန်ရေး အဖွဲ့ စည်းချင်း မဟာမိတ်ဆက်ဆံရေးအရဖြစ်စဉ်ကို အကောင်းဆုံးနည်းလမ်းနဲ့ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်။ စစ်တပ်လော်ဘီတွေ ဘယ်လောက်ပဲ သွေးခွဲပါစေ၊ KNU နဲ့ PDF ကြား၊ MOD နဲ့ KNU ကြား ဘယ်တော့မှ သွေးခွဲလို့မရဘူးဆိုတာကို အကောင်းဆုံးနည်းလမ်းနဲ့ ညှိနှိုင်းဖြေရှင်းပြခြင်းအားဖြင့် သက်သေပြ လိုက်တာပါ” ဟု ရဲဘော်အောင်စံရှားက ဆက်လက်ပြောသည်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် PDF ရဲဘော်များနှင့် KNLA တပ်မဟာ (၄) လက်အောက်ခံ ရဲဘော်များအကြား အောက်ခြေတွင် စကားများရာမှတစ်ဆင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် PDF ရဲဘော်များ ဖမ်းဆီးခ့ရသော်လည်း နှစ်ဖက်ခေါင်းဆောင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – Myat Ko Ko (ရဲဘော်စောဒါးကို)