‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၉ ရက်

‎အင်အားထောင်ချီပို့ဆောင်ပြီး စစ်ကူပို့နေရသည့် နတ်ရေကန်ဗျူဟာကုန်းတွင် စစ်ကော်မရှင်က ဘန်ကာအသစ်များဆောက်လုပ်နေပြီး ဂုတ်ကြီးလမ်းပိုင်းကိုလည်း အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်လာကြောင်း သိရသည်။

‎အမ်း- မင်းဘူးလမ်းသစ်ကိုလည်း ယခု ဒီဇင်ဘာ ဒုတိယပတ်မှစတင်ကာ တပ်ဖွဲ့ဝင်အင်အားရာချီဖြင့် တပ်ဖြန့်နေရာယူမှုများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”လမ်းဟောင်းဘက်ကလည်း လမ်းပွင့်သွားပြီး ဘိလပ်မြေတို့ ရိက္ခာတို့သယ်ယူနေတယ်။ လမ်းသစ်ဘက် ဂုတ်ကြီးဘက်ကနေအင်အားများလာ‌တော့ ပြန်ထိုးနေတယ်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ပျဉ်းဝဂိတ်ဘက်မှနေ၍တက်လာသည့် စစ်ကြောင်းများကို ဒရုန်းနှင့် မကွေးလေတပ်မှအစောင့်အရှောက်များပေးထားသည့်အပြင် အင်အားအလုံးအရင်းနှင့်တက်လာသည့်အတွက် လမ်းဟောင်းဘက်တွင် လမ်းကြောင်းပွင့်နေကြောင်း သိရသည်။

‎မိုင်းပန်အခြေစိုက်တပ်များ၊ ဂွအခြေစိုက်တပ်များအပြင် တပ်မ ၆၆လက်အောက်ခံတပ်များမှ ထုတ်နှုတ်အင်အားများနှင့် စစ်မှုထမ်းတပ်သားများအပါအဝင် အင်အားထောင်ချီကို နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင်က ပို့ဆောင်ထားကြောင်း သိရသည်။

‎စစ်‌ကော်မရှင်က အင်အားအလုံးအရင်းအပြင် ဒရုန်း၊လက်နက်ကြီးပစ်ကူ၊ လေယာဉ်ကင်းထောက်အစောင့်အရှောက်များဖြင့် နတ်ရေကန်ဗျူဟာကုန်းနှင့် လမ်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားလာခြင်းဖြစ်သည်။

‎နတ်ရေကန်ဗျူဟာကုန်းရှိ အစိတ်အပိုင်းတချို့နှင့် ကာကင်းစခန်းအများစုကို AAနှင့် ဒေသကာကွယ်ရေးတပ်များက အောက်တိုဘာလအတွင်းက ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်များ အင်အား ၃၀၀ ခန့်ဖြင့် ခမောက်တောင်စခန်းတွင် ပိတ်မိပြီး ခံစစ်အနေအထားဖြင့် ခုခံနေကြကြောင်း သိရသည်။

‎ယခု ဒီဇင်ဘာ လဆန်းမှစတင်ကာ ပို့လိုက်သည့်စစ်ကူများနှင့်ချိတ်မိပြီး ပြိုပျက်သွားသည့် ကမ္ဘာလုံးမှ သံချောင်းများနှင့် ကွန်ကရစ်ဘန်ကာများထပ်မံဆောက်လုပ်နေကြကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။