ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ဝါဒဖြန့်ချိရေးဌာနများက အသုံးပြုနေသည့် အကောင့်များကို Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar (JFM) က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

Amazon ပိုင် ဗီဒီယိုပလပ်ဖောင်းတစ်ခုဖြစ်သည့် Twitch သည် တိုက်ရိုက်ထုတ်လွှင့်နေသော စစ်ကော် မရှင်လက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့ရေဒီယိုလိုင်း ၁၄ ခုကို ၎င်းတို့၏ ဝဘ်ဆိုဒ်အပြင် Google နှင့် Apple App Store ရှိ မိုဘိုင်းအက်ပလီကေးရှင်းများမှပါ ဖယ်ရှားခဲ့သည်။

ထို့ပြင် MITV ဝဘ်ဆိုဒ်တွင် ချိတ်ဆက်ထားသည့် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကိုလည်း Twitch က ဖယ်ရှားခဲ့ကြောင်း သိရသည်။

“စစ်ကော်မရှင်က Twitch မှာ အကောင့်သစ်တွေထပ်ဖွင့်ပြီး ဝါဒဖြန့်ဖို့ ကြိုးစားခဲ့ပေမယ့် JFM ရဲ့ တိုင်ကြားမှုကြောင့် အခြားအကောင့်အများအပြားကိုပါ ဆက်လက်ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ Facebook နှင့် ဖိုင်သိမ်းဆည်းသည့် MediaFire တို့သည် ဝါဒဖြန့်ချိရေးဌာနက ကြီးကြပ်သည့် ရတနာပုံသတင်းစာအကောင့်များကို ဖျက်သိမ်းခဲ့သည်။ Facebook သည် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး Alphabet ပိုင် YouTube ကလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ အကောင့်တစ်ခုကို ဖယ်ရှားခဲ့သော်လည်း MITV အကောင့်ကို ဖယ်ရှားရန်မူ ယခုအချိန်ထိ ငြင်းဆိုထားဆဲဖြစ်သည်။

“ဒီကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို အရေးတကြီး ဖျက်သိမ်းပစ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးကို ထိန်းသိမ်းရာရောက်သလို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို အပြည့်အဝလိုက်နာရာလည်း ရောက်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လက်ရှိတွင် TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နှင့် ApkPure တို့မှာမူ စစ်ကော်မရှင်၏ ဝါဒဖြန့်အကောင့်များအပေါ် အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့ထိန်းချုပ်ထားသော မီဒီယာများကို အသုံးပြု၍ လူမျိုးရေးအမုန်းစကားများ ဖြန့်ဝေခြင်း၊ အကြမ်းဖက်မှုအတွက် သွေးထိုးလှုံ့ဆော်ခြင်းနှင့် ၂၀၂၆ ခုနှစ်တွင် ပြုလုပ်မည့် အတု အယောင်ရွေးကောက်ပွဲအတွက် သတင်းမှားများ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နေကြောင်း JFM က ထောက်ပြထားသည်။

ဓာတ်ပုံ – JFM