ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စဉ့်ကူးမြို့ကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များသည် စစ်ရေးအရ အချက်အခြာကျသည့် လက်ပံလှကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၁၇ ရက်မှစ၍ လေကြောင်းပစ်ကူ၊ ဒရုန်းတပ်ဖွဲ့များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ဝင်ရောက်လာခြင်း ဖြစ်ပြီးတော်လှန် ရေးပူးပေါင်းတပ်များက မြို့အတွင်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သပိတ်ကျင်းနှင့် ခင်ဦးအစပ်ရှိ ချောင်းသလဲ ကူးတို့ဆိပ်ကမ်း၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကော်မရှင်က လေယာဉ် ၅ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းဝင်လာတဲ့အချိန်မှာ မြို့ထဲကနေ မထွက်ခွာနိုင်တဲ့ မမီလိုက်တဲ့ ပြည်သူအချို့လည်း ဖမ်းဆီး ခံလိုက်ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကော်မရှင်သည် စဉ့်ကူးမြို့ကို မိုးကုတ်-မတ္တရာလမ်း၊ ဧရာဝတီမြစ်ဘေးရှိ ပတ်လည်အင်းရွာနှင့် သပိတ်ကျင်းဘက်မှ ထွက်လာသည့် စစ်ကြောင်းများဖြင့် အင်အားအလုံးအရင်းသုံးကာ ထိုးစစ် ဆင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ စစ်ကြောင်းများမဝင်မီကတည်းကပင် ဒရုန်းများဖြင့် ကြိုတင်ဗုံးကြဲခြင်း၊ လေ ကြောင်း ပစ်ကူယူခြင်းတို့ကို အသုံးပြုခဲ့ကြောင်း သိရသည်။လက်ရှိတွင် စဉ့်ကူးမြို့အတွင်း၌ စစ်ကော်မရှင်တပ်များ နေရာယူထားပြီး မြို့တွင်းပိတ်မိနေသည့် ပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ဓာတ်ပုံ – စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ်
ပုံစာ – စဉ့်ကူး လက်ပံလှရွာသို့ စစ်ကော်မရှင်တပ်များ ဝင်ရောက်လာစဉ်။