ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဒီဇင်ဘာ ၁၈ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်း ကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကော်မရှင်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဒုရဲအုပ်ရဲလွင် ဦးဆောင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ အင်အား ၃၀ ဝန်းကျင်ရှိသည့် စခန်းကိုဝင်ရောက်တိုက်ခိုက်မှုအတွင်း ဒု-ရဲအုပ်ရဲလွင်၊ တပ်ကြပ်ကြီး တစ်ဦး၊ ဒု-တပ်ကြပ် နှစ် ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ပြီး ငါး ဦး ဒဏ်ရာရရှိခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များမှာ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

 

တချိန်တည်းတွင် ဆင်တလင်းစခန်းသို့ စစ်ကူပို့ပေးနိုင်သည့် ထန်းပင်ချောင်စစ်တပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

“ဆင်တလင်းရွာကို မကြာခဏဆိုသလိုလာရောက်တပ်စွဲတဲ့အဖွဲ့ကို ၁၆ ရက်နေ့ မနက် ခြောက်နာရီလောက်မှာ သွားရောက်တိုက်ခဲ့တာပါ။ လက်ရှိအင်အားဖြည်းတင်းပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ ရွာတွေထဲဝင်လိုက်ပြန်ထွက်လိုက် လုပ်နေတာတွေရပါတယ်” သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ‌ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် စစ်ကော်မရှင်က အင်အား ၈၀ ဝန်းကျင်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာရာ တောင်တန်းမြိုင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ မျက်မြင်တစ်ဦး သေဆုံးခဲ့ပြီး တစ် ဦးဒဏ်ရာရရှိခဲ့၍ စစ်ကြောင်းမှာလည်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအသီးသီးတွင် စစ်ကော်မရှင်တပ်ထံမှ MA-1 လေးလက်၊ MA-3 ခြောက်လက်၊ G-3 တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ Helmet ခုနှစ်လုံး၊ ဖုန်း လေးလုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုများကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုဖြင့် သာယာဝတီခရိုင် တပ်ရင်း-၃(Myanmar Defense Force – MDF)၊ တပ်ရင်း-၂၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတိုက်ခိုက်ရေးတပ်ဖွဲ့-၁၊ ၂၊ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-၃၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တပ်ရင်း-၃ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။

ဓာတ်ပုံ -ပဲခူးတိုင်းစစ်ဌာန