ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ထိုင်းစစ်တပ်က ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံရှိ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသည့် ကာစီနိုဟိုတယ် နှစ်ခုအပြင် လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်သည့် အဆောက် အအုံ ခြောက်ခုကို ဖျက်ဆီးခဲ့ကြောင်း ယနေ့ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။
ထိုင်းတော်ဝင်စစ်တပ်မှ ဖျက်ဆီးခဲ့သည့် အဆောက်အအုံများသည် ကာစီနိုများ၊ ဟိုတယ်များ၊အပန်းဖြေစခန်းများပါသည့် အဆောက်အအုံများဖြစ်ပြီး အမေရိကန်နိုင်ငံသားများကို ကာလကြာရှည်စွာလိမ်လည်နေသည့်အတွက် အမေရိကန်က ၎င်းတို့နှင့်ဆက်နွယ်သည့် ငွေကြေးများကိုပိတ်ဆို့ထားသည့် လုပ်ငန်းများဖြစ်ကြောင်းလည်း ထိုင်းစစ်တပ်က ပြောဆိုခဲ့သည်။

ထိုင်းစစ်တပ်၏ တိုက်ခိုက်မှုများကို လျော့ချရန် နိုင်ငံ တကာက ပြောဆိုမှုများရှိသော်လည်း ၎င်းတို့၏လုပ်ရပ်များသည် ပဋိပက္ခများကို ပိုမိုလုပ်ဆောင်နေခြင်းမဟုတ်ပဲ ကျားဖြန့်လိမ်လည်မှုဂိုဏ်းများ၏ အဆောက်အအုံများကို ဖျက်ဆီးကာ ကမ္ဘာတစ်ဝန်းမှ လူများကို ကာကွယ်နေခြင်းသာဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေးကိုတောင်းဆိုနေသော်လည်း လက်တွေ့တွင် ကျားဖြန့်လုပ်ငန်းများကို သေချာမနှိမ်နင်းနိုင်သည့်အခြေအနေတွင် ရှိနေကြောင်းလည်း ထိုင်းဘက်မှ ပြောဆိုခဲ့သည်။
ထို့ပြင် ထိုင်းစစ်တပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့၏ စစ်ရေးပစ်မှတ်များတွင် ကျားဖြန့်လိမ်လည်မှုဂိုဏ်းများလည်းပါဝင်ပြီး ၎င်းတို့တိုက်ခိုက်မှုတိုင်းသည်လည်း စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည့်နေရာများလည်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကမ္ဘောဒီးယားနိုင်ငံရှိကာစီနိုတစ်ခုကို ဒရုန်းထိန်းချုပ်ရေးစခန်းအဖြစ် အသုံးပြုသည့်နေရာဟုဆိုကာ F-16 တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ကိုးကား – The Nation Thailand