ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပထမခြေလှမ်းအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်များ လုပ်ဆောင်နိုင်ခဲ့ပြီး ဆက်လက်လုပ်သွားရန် ကျန်ရှိနေသေးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အဆိုပါကိစ္စနှင့် စပ်လျင်း၍ NUG ယာယီသမ္မတက ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ပထမရက်)တွင် မိန့်ခွန်းပြောရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ NUG ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပထမခြေလှမ်းအနေနဲ့ ခြေလှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲရေးရဲ့ ပထမခြေလှမ်းသာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဆက်လက်လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေး အဆင့်တချို့ ကျန်နေသေးပြီး ပိုမိုကျယ်ပြန့်သော အမျိုးသားညီညွှတ်ရေးကို တည်ဆောက်ရန်နှင့် အစိုးရ၏ စွမ်းဆောင်ရည်အား ကျစ်လစ်ထိရောက်စေရန် ရည်ရွယ်ကြောင်း ပြောသည်။
ယင်းအပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးများ၏ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ပူးပေါင်းမှုအတွက် ရည်ရွယ်သလို ပြည်သူ့သဘောထားနှင့်အညီ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်” ဟု ဒူဝါလရှီးလကဆိုသည်။
NUG အနေဖြင့်လည်း များပြားစုံလင်သော လူမျိုးဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံကို လက်တွေ့ကျကျ ဆွဲစုပြီး အရှိပကတိကို အခြေခံ၍ ပြုပြင်ပြောင်းလဲရေး လုပ်ရခြင်းကြောင့် အကန့်အသတ်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အကန့်အသတ်များကြားထဲတွင် အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေး၏ မူလရည်မှန်းချက်ကိုလည်း သွေဖယ်မသွားအောင် အထူးဂရုစိုက်၍ လုပ်ခဲ့ကြရကြောင်း NUG ယာယီသမ္မတက ထည့်သွင်းဆိုသည်။
“လက်ရှိ ပြုပြင်ပြောင်းလဲရေးဟာ အစုအဖွဲ့အားလုံးရဲ့ စိတ်ကြိုက်တော့ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးမှာလည်း အားလုံးဆန္ဒနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာမျိုး မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် အများစုဆန္ဒနှင့် စစ်မှန်သော ပြည်သူလူထု၏ဆန္ဒ အနီးစပ်ဆုံးဖြစ်ရန်သာ အရေးကြီးပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လူထုထောက်ခံမှု ထပ်မံရရှိအောင် အလုပ်ဖြင့် သက်သေပြရန် ကြိုးစားမည်ဟု သိရသည်။