ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

မန္တလေးမြို့၊ ဈေးချိုအနီး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ဆုကြေးငွေထုတ်ကာ ဖမ်းဝရမ်း ထုတ်ခံထားရသည့် မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးထားပြီး ဖမ်းဆီးစဉ်အတွင်း ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံထားရသဖြင့် ၎င်း၏ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်နေရကြောင်း သပိတ်အင်အားစုများက ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

ကိုထက်မြတ်အောင်သည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ – မန္တလေး (AFCC – MDY) နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်၍ အဆိုပါ အဖွဲ့အစည်း သုံး ဖွဲ့က ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဓမ္မဖမ်းဆီးခံရသူ ကိုထက်မြတ်အောင်သည် အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် ကျန်းမာရေး ကောင်းမွန်သော လူငယ်တစ်ဦးဖြစ်သော်လည်း စစ်အုပ်စုက ဖမ်းဆီးစဉ်အတွင်း အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုများကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိတွင် ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် အသက်အန္တရာယ်အတွက် အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ဟု ဆိုထားသည်။

“အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အကြမ်းဖက်စစ်အုပ်စုကသာ လုံးဝတာဝန်ယူ၊ တာဝန်ခံရမည်” ဟု အင်အားစုများက ပြတ်သားစွာ သတိပေးထားသည်။

ကိုထက်မြတ်အောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့က မန္တလေးမြို့၊ ဈေးချိုဒေသတွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြုလုပ်ခဲ့သော “အသံတိတ်သပိတ်” လူထုလှုံ့ဆော်မှုတွင် ပါဝင်ခဲ့သူဖြစ်သည်။

အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနှင့် ကိုထက်မြတ်အောင် အပါအဝင် ၁၀ ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် နယ်မြေ (၆) ရဲစခန်းတွင် အမှုဖွင့်ကာ ဆုငွေထုတ်၍ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – GSCB