ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

 

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော် မရှင်တပ်သည် လက်ပံလှရွာအထိ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

 

လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းသည် ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က လက်ပံလှရွာအတွင်းကိုဝင်ရောက်လာပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

“မတ္တရာကနေ လက်ပံလှအထိဝင်လာပြီ။ ဒေသခံတွေလည်း ရှောင်ပြေးကြပြီ။ နှစ်ဖက်ညှပ်ပြီး ဝင်လာကြတာ။ ဒရုန်းဗုံးကို အဓိကထားသုံးပြီး ထိုးစစ်ဆင်လာတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ မိုးကုတ်-မတ္တရာလမ်းပိုင်းမှတက်လာသည့် စစ်ကြောင်း၊ ပတ်လည်အင်းကျေးရွာ ဘက်မှ ထွက်လာသည့်စစ်ကြောင်းနှင့် သပိတ်ကျင်းဘက်မှစစ်ကြောင်းများသည် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ထိုသို့သိမ်းပိုက်ပြီးနောက် စစ်ရေးအရ အ‌ချက်အခြာကျသည့် လက်ပံလှရွာအထိ ရောက်ရှိလာကာ စဉ့်ကူးမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ဆက်လက်စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

 

မတ္တရာဘက်မှ ဝင်ရောက်လာသည့်စစ်ကော်မရှင်တပ်သည် လက်ပံလှအထိ ဝင်ရောက်လာပြီး သပိတ်ကျင်းဘက်မှ ဝင်လာသည့်စစ်ကော်မရှင်တပ်မှာ ဇရပ်ကွင်းရွာကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

 

စစ်ကော်မရှင်က ရှေ့ဆက်စစ်ကြောင်းထိုးလာသည့်အပြင် ကျေးရွာအချို့၌ နောက်ချန်တပ်များထားရစ် ခဲ့ပြီး ရွှေလှေကျေးရွာတွင် လက်နက်ကြီးများ အခြေချတပ်ဆင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ချောင်းကြီးနှင့် လိပ်ကျကျေးရွာများသာ ကျန်ရှိတော့ပြီး စစ်ကော်မရှင်က လက်ပံလှလမ်းဆုံအထိ စစ်ကြောင်းဦးတည်ထိုးနေခြင်းဖြစ်သည်။

 

စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းအသီးသီးအပြင် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ဒရုန်းတပ်ဖွဲ့ဖြင့်လည်း ရှေ့ပြေးတိုက်ခိုက်မှု လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

 

စဉ့်ကူးကိုစစ်ကြောင်းထိုးရန်အတွက် စစ်ကော်မရှင်က ရှမ်းရှေ့ရှိ ထုတ်နုတ်တပ်များ ရိက္ခာနှင့် ခဲယမ်း ထောက်ပံ့ရန်အတွက် မန္တလေးနန်းတွင်းမှတပ်များ နေပြည်တော်တပ်ရင်းအချို့ကိုပါ မတ္တရာမြို့နယ် အတွင်း စေလွှတ်ထားပြီး သပိတ်ကျင်း၌လည်း သံချပ်ကာယာဉ်များကို ပို့ထားကြောင်း သိရသည်။

 

ဓာတ်ပုံ-MDY-PDF
ပုံစာ-၂၀၂၄ ခုနှစ် ဇူလအတွင်းက တွေ့ရစဉ် MDY-PDF တပ်ဖွဲ့ဝင်များ၊