ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

 

အာဏာသိမ်းစစ်ကော်မရှင်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြု၍ တပ်သားသစ်များကို အတင်းအဓမ္မ စုဆောင်းလျက်ရှိရာ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) အထိ ရောက်ရှိ လာပြီး တပ်သားသစ် စုစုပေါင်း တစ်သိန်းဝန်းကျင်အထိ စုဆောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MSDI) ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်သည် စစ်မှုထမ်း အမှတ်စဉ်တစ်ခုလျှင် တပ်သားသစ် ၅,၀၀၀ နီးပါး စုဆောင်းနေ ခြင်းဖြစ်ရာ အမှတ်စဉ် (၂၀) အထိတွင် အင်အားတစ်သိန်းခန့် ရှိလာခြင်း ဖြစ်သည်။

ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စုဆောင်းရရှိထားသည့် သင်တန်းဆင်း တပ်သားသစ်များကို အဓိကအားဖြင့် ခြေလျင်တပ်ရင်းများ၏ တိုက်ခိုက်ရေးတပ်သားများအဖြစ် ဖြည့်တင်းနေပြီး ရှေ့တန်းစစ်မြေပြင်များတွင် အင်အားပြည့် အသုံးပြုနေကြောင်း သိရသည်။

 

“စစ်မြေပြင်မှာ လူသားဒိုင်း၊ လူသားလှိုင်းဗျူဟာ ပုံစံမျိုး ကျင့်သုံးလုပ်ဆောင်နေတယ်လို့ ယူဆသုံးသပ် ရပါတယ်။ အင်အားချိနဲ့နေတဲ့ စစ်တပ်အတွက် လူအင်အားနဲ့ အသုံးပြုရတဲ့နေရာတွေ စစ်မှုထမ်း တပ်သားတွေဟာ အဓိကအကျိုးဖြစ်စေတာ တွေ့ရပါတယ်။ တန်ပြန်ထိုးစစ်နဲ့နယ်မြေစိုးမိုးရေး စစ်ကြောင်းများကို အင်အားပြည့်အသုံးပြုနိုင်လာစေပါတယ်” ဟု MSDI အဖွဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်သည် စစ်သားအင်အား လိုအပ်ချက်ကို တစ်စုံတစ်ရာ ဖြည့်တင်းနိုင်လာသည့်အတွက် စစ်သင် တန်းကာလကို ၁၂ ပတ်မှ ၁၃ ပတ်အထိ တိုးမြှင့်လိုက်သည့်အပြင် စစ်သင်တန်းကျောင်း များကိုလည်း တိုးချဲ့ဖွင့်လှစ်လျက် ရှိသည်။ လက်ရှိတွင် အမှတ်စဉ် ၁၇၊ ၁၈၊ ၁၉ နှင့် ၂၀ တို့ကို တပြိုင်နက်တည်း စစ်သင်တန်းပေးနေကြောင်း သိရသည်။

 

“သင်တန်းကာလတိုးမြှင့်လာတာက အဓိကအချက်ဟာ တိုက်ခိုက်ရေးတပ်သား အပူတပြင်းလိုအပ်ချက် လျော့ ကျလာတာလို့ ပြောလို့ရပါတယ်။ ဒုတိယအချက်အနေနဲ့ အခြေခံလေ့ကျင့်ပေးမှု ထပ်တိုးဖို့ လိုအပ်နေတာရယ်၊ တတိယအချက်က သင်တန်းကျောင်းတွေ ပိုမိုပြင်ဆင်တိုးချဲ့လာနိုင်တာ ကြောင့်လည်း သင်တန်းကာလတိုး လေ့ကျင့်ပေးနိုင်ခြင်း ဖြစ်ပါတယ်” ဟု MSDI မှ ကိုနောင်ရိုးက ဆက်လက်ပြောဆိုခဲ့သည်။

 

စစ်မှုထမ်းအမှတ်စဉ် မြင့်တက်လာသည်နှင့်အမျှ တပ်သားသစ် စုဆောင်းရန် ခက်ခဲလာသည့်အတွက် စစ်ကော်မရှင်သည် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို ပိုမိုလုပ်ဆောင်လာသည်။ ထို့ပြင် စစ်မှုထမ်းရန် စာရင်းပါလာသူများထံမှ ကင်းလွတ်ခွင့်အတွက် ငွေညှစ်ရာတွင်လည်း ယခင်ကထက် တိုးမြှင့်ကာ သိန်းရာနှင့်ချီ၍ တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်