ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) ၁ လနီးပါးကြား ထိန်းချုပ်ထားသော မြဝတီမြို့ရှိ မင်းလက်ပံတွင် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့် ငွေကြေးလိမ်လည်လုပ်သားများ) ကင်းစင်သွားပြီဖြစ်၍ ကော်သူးလေ (ကရင်) တရားရေးစနစ်နှင့်အညီ ချိတ်ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း KNU က ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။
မင်းလက်ပံ ရှိ Shunda Park ခြံဝင်းနေရာမှာ ကျားဖြန့် ကင်းစင်သွားပြီးဖြစ်ပြီး မည်သည့် ဒုစရိုက် လုပ်ငန်းမရှိစေရန်အတွက် ရာဇဝတ်လုပ်ငန်းများပြန်လည် အသုံးပြုရန်ကြိုးစားမှုမှန်သမျှကို ဆန့်ကျင် မည်ဖြစ်ကြောင်း KNU က ဆိုသည်။

ထို့ပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်ခြံဝင်းတွင်းကျန်ရှိသည့် သက်သေခံရုပ်ဝတ္တု ပစ္စည်း များကို ကော်သူးလေ၏ တရားရေးဥပဒေလုပ်ထုံးလုပ်နည်း အတိုင်းဆက်လက်ကိုင်တွယ် သွားမည် ဖြစ်ပြီး အနာဂတ်တွင် အများပြည်သူအကျိုးစီးပွားအတွက် အသုံးပြုစေမည်ဖြစ်သည်။
ထို့ကြောင့် သက်ဆိုင်ရာ ဒေသခံပြည်သူ၊ ခေါင်းဆောင်များအနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ခံမှု တာဝန်ယူမှုရှိရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။
“လုံခြုံရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိလာပါက အဲဒီနေရာကို ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ် ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနဲ့ မဟာဗျူဟာလေ့လာရေး စတဲ့ ဘာသာရပ်တွေကို အထူးပြု သင်ကြား ပေးတဲ့ အဆင့်မြင့်ပညာရေး ပုရဝုဏ်တစ်ခု အဖြစ် ပြန်လည်အသုံးပြုဖို့ ရည်ရွယ်ချက် ထားရှိရမယ်” ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Shunda Park ကျားဖြန့်ခြံဝင်းအတွင်းမှ ငွေလိမ်အလုပ်သမားများအားလုံး အပြီးသတ် ထွက်ခွာ နိုင်ရေး ဆောင်ရွက်ခဲ့ပြီး သက်သေခံပစ္စည်းမြောက်များစွာကိုလည်း သိမ်းယူနိုင်ခဲ့သည်။ ကျားဖြန့်နှင့် သက်ဆိုင်သည့်အရာများကိုလည်း အွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း KNU ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကျားဖြန့်ခြံဝင်းမှ စာရင်းကောက်ယူရရှိသူ လူဦးရေ ၃၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံသား ၁၃၀၀ ကျော်ပါဝင်သည်။ ကျန် ၂၀၀၀ ကျော်မှာ နိုင်ငံခြားသားအပါအဝင် တရုတ်နိုင်ငံသား အများစုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KNU