ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ရက်
မကြာမီတွင် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ရွေးချယ်ရာ၌ တပ်မတော် နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူကို မဲပေးရွေးချယ်သွားရန် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမတွင် စစ်တပ်အရာရှိ၊ တပ်ဖွဲ့ဝင်၊ တပ်မိသားစုဝင်များနှင့် တွေ့ဆုံရာ၌ ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့ ခြင်းဖြစ်သည်။
ယခုလာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပထမအသုတ်အဖြစ်ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာသူ၊ ဒေသ ကောင်းကျိုးဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းသူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်နိုင်သူ၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူကို ရွေးချယ်ရန် ပြောဆိုခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲပြီးစီးချိန်၌ လွှတ်တော်ခေါ်ယူပြီး အသစ်ဖွဲ့စည်းမည့် အစိုးရကို နိုင်ငံတော်၏ တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
မဲပေးရာတွင် မဲမသမာမှု မပြုလုပ်နိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ မဲပေးရမည်ဟု ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကို သုံးသုတ်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကာ မကျင်းပ နိုင်သည့် ၅၆ မြို့နယ်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအတုကို ဝေဖန်မှုပင်မပြုလုပ်နိုင်အောင် ခြိမ်း ခြောက်ထားသည့်အပြင် လူမှုကွန်ရက်တွင် ဝေဖန်စာ၊ ရုပ်သံများကို Like ၊ reaction များပေးရုံဖြင့် ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်အဖွဲ့မှ ဝန်ကြီးများအပါအဝင် စစ်တပ်အရာရှိများပါ ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲ အတုတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်သည် လည်း စစ်ကော်မရှင်က ရွေးချယ်ခန့်အပ်ထားသည့် သူများဖြစ်သည်။
ဓာတ်ပုံ-MOI