ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးသည်ဟုဆိုကာ အသက်မပြည့်သေးသူ ကလးသူငယ်အပါအဝင် ပြည်သူ ၂၀၀ ကျော်ကို ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းထားသော လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီးက အရေးယူထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မတီအနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း၌ ၎င်းတို့၏ ရွေးကောက်ပွဲ ဥပဒေအရ အရေးယူထားမှု ၁၄၀ မှုတွင် ပြည်သူ ၂၂၉ ဦး ရှိခဲ့ကြောင်း စစ်ကော်မရှင်ခန့် ပြည်ထဲရေး ဝန်ကြီးက ဆိုသည်။

စစ်ကော်မရှင်က အရေးယူထားသော ပြည်သူများမှာ အမျိုးသား ၂၀၁ ဦးနှင့် အမျိုးသမီး ၂၈ ဦးတို့ဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်နေကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေဖြင့် အနုပညာရှင်များအပါအဝင် ပြည်သူများအား နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ထားသလို သတင်းမီဒီယာနှင့် ၎င်းတို့ကို ခုခံတော်လှန်နေသည့် EROs များကိုလည်း အမှုဖွင့် ထားကြောင်း သိရသည်။

စစ်ကော်မရှင်က ယခုဒီဇင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ်မည့် ၎င်းတို့၏ ရွေးကောက်ပွဲကို ပြည်သူနှင့် တော်လှန်ရေး အင်အားစုများမှ လက်မခံသဖြင့် ကာကွယ်ရန် ယင်းဥပဒအား ပြဌာန်း၍ အမှုဖွင့် ဖမ်းဆီး လာခြင်းဖြစ်သည်။

စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း အပိုင်းလိုက်ခွဲကာ ပြုလုပ်သွားမည်ဟု ဆိုထားသော်လည်း ခုခံတော်လှန်မှုများကြောင့် နယ်မြေများ လက်လွှတ်ဆုံးရှုံးထားသလို နေရာအများစု မှာ တည်ငြိမ်မှုမရှိကြောင်း သိရသည်။

ဓာတ်ပုံ-MOI