ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

 

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် စစ်ကော်မရှင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားများကို သွားရောက် အားပေးခဲ့မှု ကြောင့် One Championship လက်ဝှေ့မယ် ဘရော်နီကာ (Vero Nika) သည် လူထု၏ ဝေဖန်မှုကို ရင်ဆိုင်နေရပြီး ၎င်း၏ Facebook Follower ၁ သိန်းကျော် တိုက်ရိုက်လျော့ကျသွားကြောင်း သိရသည်။

 

ဘရော်နီကာ၏ Facebook စာမျက်နှာတွင် Follower ၁ ဒသမ ၁ မီလီယံ (၁၁ သိန်း) ရှိခဲ့ရာမှ ယခုဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အတွင်း ၁ မီလီယံ (၁၀ သိန်း) သို့ ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်။

 

ဘရော်နီကာသည် SEA Games ပြိုင်ပွဲဝင် လက်ဝှေ့မယ် နော်ဥမ္မာစိုးအပါအဝင် စစ်ကော်မရှင်လက်အောက်ခံ အားကစားသမားများကို သွားရောက်အားပေးခဲ့ပြီး ရင်းနှီးစွာရိုက်ကူး ထားသည့် ဓာတ်ပုံများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် အားကစားသမားများနှင့် မတရားဖမ်းဆီးခံထားရသူများကို ထောက်ထားစာနာမှု မရှိသည့် အပြင် စစ်ကော်မရှင်၏ ဝါဒဖြန့်မှုကို အားဖြည့်ပေးရာရောက်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

 

ထိုသို့ဝေဖန်မှုများအပေါ် ဘရော်နီကာက “ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ခံယူချက် ကျွန်တော်အသိဆုံးပါ။ တိုက်ခိုက်ရေးသမားတွေ အမြင့်ဆုံးအဆင့်ရောက်ဖို့ ပံ့ပိုးမှုလိုအပ်တယ်။ မြန်မာ နိုင်ငံကိုယ်စားပြုပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာအောင် လုပ်ဆောင်နေတာပါ” ဟု Facebook မှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်သူများကို ဘရောက်နီကာ၏ ပြန်လည်တုံ့ပြန်မှုသည် လေးစားမှု မရှိသည့်အပြုအမှုများ၊ ဝေဖန်သူများကို အပုတ်ချဖြေရှင်းချက်များကြောင့် ယခင်ချစ်ခင် ထောက်ခံသူများက Facebook မှ unfollow ပြုလုပ်ကြကြောင်းသိရသည်။

 

“ဘရော်နီကာကိုအားပေးလာတာ။ သူတင်တာတွေက ရယ်ရလို့။ နောက်ပြီး လက်ဝှေ့သမား ဆိုတော့အားပေးတာပါ။ ဒီကာလကသိပ်ကို အဖြူ၊အမည်းပြတ်တဲ့အချိန်ပဲ။ စစ်အုပ်စုရဲ့ပတ်သက်တဲ့ သူတွေကို မပတ်သက်မိဖို့ အရေး ကြီးတယ်။ ဉာဏ်ရှိဖို့လည်းလိုတယ်။ သူ့ကိုဝေဖန်တဲ့လူတွေကို ပြန်ပြောတဲ့ပုံစံမဟုတ်လို့ ပိုဆိုးကုန်တယ် ” ဟု အားကစားဝါသနာရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ဘရော်နီကာသည် ပြီးခဲ့သည့်ရက်ပိုင်းက One Championship ပြိုင်ပွဲအပြီးတွင် စစ်အုပ်စုနှင့် နီးစပ်သည့် လုပ်ငန်းတစ်ခုဖြစ်သော မာလာမြိုင်ဓာတ်မြေဩဇာ၏ စပွန်ဆာအင်္ကျီကို ဝတ်ဆင်ခဲ့သေးသည်။

ဓာတ်ပုံ – ဘရော်နီကာ Facebook