‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၇ရက်

‎စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူထားသည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချခဲ့သည်။

‎မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲခံရပြီး ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် လုပ်ရပ်ကို ကျူးလွန်သည့် စစ်ကော်မရှင်၏ အပြုအမူသည် မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် အဆုံးစွန်ထိတွန်းပို့နေသည်ဟု MNDAA နှင့် TNLAတို့က ဒီဇင်ဘာ ၁၆ရက်နေ့တွင် ထုတ်ပြန်လာသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက်နေ့ ညပိုင်းက မြောက်ဦးပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲခဲ့သည့်အတွက် ပြည်သူ ၃၃ဦးသေဆုံးပြီး ၇၇ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

‎မြောက်ဦးကိုဗုံးကြဲပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၁ရက်နေ့တွင် ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ရာ ပြည်သူ ရှစ်ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာ ရရှိခဲ့သည်။

‎ထို့အပြင် ဒီဇင်ဘာ ၁၃ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် မူလတန်းကျောင်းတို့ကို စစ်ကော်မရှင်က အသေခံဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

‎စစ်ကော်မရှင်၏ လုပ်ရပ်ဆိုးများကို အမြန်ဆုံးရပ်တန့်ပေးပါရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ကမ္ဘာ့နိုင်ငံများရှိ အစိုးရအဖွဲ့များကူညီပေးကြပါဟု MNDAAနှင့် TNLAကတောင်းဆိုထားသည်။