ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
ပြည်သူများကန့်ကွက်မှုကြောင့် ရပ်နားထားသော မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် ဒီဇိုင်းပြောင်း၍ လုပ်ကိုင်ရန် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့မိမြို့ဖများ၊ Non CDM ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မေခနှင့် မလိခမြစ်ဆုံမှ ရေစီးကြောင်းမပျောက်ပျက်စေဘဲ နှစ်နိုင်ငံဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေ ကိုက်နိုင်မည့်အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းက ဆိုသည်။

မြစ်ဆုံအမှတ်လက္ခဏာမပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့် ပတ်သက် ၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ခြောက်မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။
“ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မူလလျှပ်စစ်ထုတ်လုပ်မှုမဂ္ဂဝါပ် ၆၀၀၀ MW မှ ၅၆၀၀ MW လျော့ချပြီး ကွန်ကရစ်မျက်နှာစာ ကျောက်ဖြည့်တမံ အမျိုးအစားအသုံးပြုသွားမည်” ဟု ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။
ပြီးခဲ့သည့်မတ်လတွင် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် မြစ်ဆုံတမံတည်ဆောက်မှုဒီဇိုင်းကိုမူလက ငလျင်ဒဏ် ၇ ဒဿမ ၁ မဂ္ဂနီကျုုနှင့်တွက်ချက်ထားသော်လည်း ပိုခံနိုင်သည့်ဒီဇိုင်းကို Aisa Charter Professional Engineer ( ACPE) အဖွဲ့မှ ပညာရှင်များက အကြံပြုတွက်ချက်ပေးထားကြောင်း ၎င်းက ဆိုသည်။
“ မြစ်ဆုံဒေသဖြစ်တဲ့ကျေးရွာတွေမှာ မေခ၊ မလိခမြစ်ကြောင်းတွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေများပြားနေပြီး အပြင်လူအဝင်အထွက် တားမြစ်ထားတယ်။ မြစ်ဆုံကိုအလည်အပတ်သွားလို့မရဘူး။ အကုန်ပိတ်ထားတယ်” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မြစ်ဆုံဒေသအပါအဝင် မေခမြစ်၊ မလိခမြစ်ကြောင်းထဲတွင် တရားမဝင်တူးဖော်နေသည့် ရွှေတူးဖော်ရေးလုပ်ငန်းအများအပြားရှိနေကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါဧရာဝတီမြစ်ဆုံစီမံကိန်းတွင် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုပါဝင်ပြီး ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံသို့ ၉၀ ရာခိုင်နှုန်းရောင်းချမည်ဖြစ် ကြောင်းသိရသည်။
မေခ၊မလိခမြစ်မှမြစ်ဖျားခံလာသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အသက်သွေးကြောဖြစ်ပြီး လူဦးရေ သန်း ၃၀ နီးပါးမှီတင်းနေထိုင်သဖြင့် ပြည်သူများ၏လူမှုစီးပွား၊ ယဉ်ကျေးမှုဆိုင်ရာသမိုင်းတန်ဖိုးများပျက်စီးသွားနိုင်သဖြင့် မြစ်ဆုံစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်နေကြခြင်းဖြစ်သည်။
ထို့ပြင်သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ဧရာဝတီမြစ်၏ ရေဝေရေလဲဧရိယာများရေဖုံးလွှမ်းနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်၊ ရေကြီးရေလျှံမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများထိခိုက်နိုင်ကြောင်းလည်း သိရသည်။
စစ်ကော်မရှင်က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ဦးပါဝင်ဖွဲ့စည်းထားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သည်။
အဆိုပါဧရာဝတီမြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်နားခဲ့ပြီး NLD အစိုးရလက်ထက်တွင်လည်း ဆက်လက်ဆိုင်းငံ့ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က စီမံကိန်းကို လုပ်ဆောင်ရန်ကြိုးစားလာခြင်းဖြစ်သည်။
ဓာတ်ပုံ – MOI ၊ လူမှူကွန်ရက်(ပုံဟောင်း)
ပုံစာ-ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့မိမြို့ဖများ၊ Non CDM ဝန်ထမ်းများနှင့် တွေ့ဆုံနေသည့် ဒုစစ်ခေါင်းဆောင်