ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

သီတင်းတစ်ပတ်ကျော်ကြာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံကြားစစ်ပွဲကို ရပ်တန့် မယ့် သဘောတူညီချက်ကို ကမ္ဘောဒီးယားနိုင်ငံက အရင်ဆုံး ကြေညာရမယ်လို့ ထိုင်းနိုင်ငံက ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံက အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံး ကြေညာရပါမယ်။ ကမ္ဘောဒီးယားနိုင်ငံ က နယ်စပ်တစ်လျှောက် မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းဆောင်ရွက်ရပါမယ်” လို့ ထိုင်း၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မာရတ်တီနာလီတာအန်ဒါမိုက ဗန်ကောက်မြို့မှာ သတင်းထောက် တွေကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းမှစကာ နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပါဝင်မှုနဲ့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံခဲ့တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

အမြောက်ကြီးတွေ၊ တင့်ကားတွေနဲ့ ဂျက်တိုက်လေယာဉ်တွေပါတဲ့ စစ်ပွဲကြောင့် ထိုင်းစစ်သား ၁၆ ဉီး ကျဆုံးပြီး ထိုင်းအရပ်သားတစ်ဉီးနဲ့ ကမ္ဘောဒီးယားအရပ်သား ၁၅ ဉီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားက မိုင်းတွေ ထောင်ထားတယ်လို့ ထိုင်းနိုင်ငံက စွပ်စွဲခဲ့ပေမယ့် ကမ္ဘောဒီး ယားက ငြင်းဆန်ခဲ့ပါတယ်။

သံတမန်ရေးရာ အဖြေတစ်ခုရှာဖို့အတွက် ရည်ရွယ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ မလေးရှားနိုင်ငံ၌ ပြုလုပ်မှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာလ ၁၃ ရက်မှာ နယ်စပ်ဂိတ်တွေ ပိတ်ပြီးနောက် ကမ္ဘောဒီးယား နယ်စပ်ရှိ ပွိုင်ပက်ပြည်နယ်မှာ ထိုင်းနိုင်ငံသား ၆၀၀၀ ခန့် ပိတ်မိနေတယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။

စစ်ဖြစ်နေချိန်မှာ အရပ်သားတွေကို အန္တရာယ်ရှိလာမှုတွေ လျှော့နည်းစေဖို့ နယ်စပ်ဂိတ်တွေ ပိတ်ပင် တာဟာ မရှိမဖြစ် လိုအပ်တယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – AFP
Ref; Cambodia must be first to call ceasefire to stop the fighting, says Thailand