ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဒီဇင်ဘာ ၁၇ ရက်

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဒမငယ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် တပ်ဖွဲ့များနှင့်တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက် ငယ် လေး လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ် ဦး ကျဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင်လည်း နှစ်ဖက် စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲကို ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၈၀၁ တပ်ရင်း၊ တပ်ခွဲ-၂၊ ၄၊ ၆၊ ၇၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ အမှတ်-၃၈၀၂ တပ်ရင်း၊ တပ်ခွဲ-၁၊ Spring Bees UAV Force၊ နတ်တလင်းမြို့နယ်(ပကဖ)၊ ဇီးကုန်းမြို့နယ်(ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ညက နတ်တလင်းမြို့နယ်ရှိ ဒမငယ်ရဲစခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီး နောက်ပိုင်းမှ စတင်ကာ စစ်ကော်မရှင်က နတ်တလင်းသို့ စစ်ကြောင်းထိုးခြင်း၊ ပါရာမော်တာများဖြင့် ဗုံးကြဲခြင်းများ ဆက်တိုက်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန