ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

 

စစ်တပ်အာဏာသိမ်းထားသည့် လေး နှစ်ကျော် ကာလအတွင်း အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလုံလောက်စွာမရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၃၉ ဦး အထိသေဆုံးခဲ့ရပြီး သေဆုံးမှုအများစုမှာ လိုအပ်သည့်ဆေးဝါးများ သုံးစွဲခွင့်မရရှိခြင်းများကြောင့် ဖြစ်ကြောင်း Myanmar Prison Witness ထံမှ သိရသည်။

 

သေဆုံးရသည့်အကြောင်းအရင်းများမှာလည်း နာတာရှည်ရောဂါများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ‌ဆီးချို၊ ကင်ဆာ၊ တီဘီ စသည့်ရောဂါများအပြင် အပြင်းဖျားခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်းမှ ရရှိလာသည့် ဒဏ်ရာများ စသည့်တို့ကြောင့် သေဆုံးခြင်းများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် အများစုမှာ လိုအပ်သည့်ဆေးဝါးကုသမှုသာရရှိပါက အသက်မသေဆုံးသင့်သည့် ရောဂါများ ဖြစ်သော်လည်း ထောင်တွင်းဆရာဝန်မရှိခြင်း၊ ပြင်ပဆေးရုံများတွင် ဆေးကုသခွင့်မပြုခြင်း၊ မိသားစုမှ ပို့ဆောင်ပေးသည့် ဆေးဝါးများကိုလည်း သုံးခွင့်မပေးခြင်းတို့ကြောင့် သေဆုံးမှုများ ဆက်လက် မြင့်တက်နေရခြင်းဖြစ် ကြောင်း MPW ကဖော်ပြထားသည်။

“အရေးပေါ်ဆေးကုသရတဲ့အချိန်မှာ ကြန့်ကြာတဲ့အတွက်ကြောင့်မို့လို့ အသက်မသေဆုံးသင့်ပဲ သေဆုံးရတယ်။ ဒီအရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ ဆေးဝါး လုံလောက်စွာ ရရှိမှုနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု သေချာရရှိဖို့တွေကို တောင်းဆိုတာမျိုး မတွေ့ရဘူး” ဟု မြန်မာအကျဉ်းထောင်သက်သေ(MPW) အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုမှုများ၊ ဆန္ဒဖော်ထုတ်မှုများ အများအပြားရှိနေသော်လည်း ဆေးဝါးကုသခွင့်၊ လုံလောက် သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန်အတွက်မူ ထိရောက်သည့်အကူညီများ ပေးအပ်နိုင်ခြင်း မရှိကြောင်း သိရသည်။

 

တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကျဥ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ အတွက် ဆေးကုသခွင့် အခက်အခဲများ ပိုမိုကြုံတွေ့လာရကာ လက်ရှိသေဆုံးခဲ့သည့် နိုင်ကျဉ်းများ တွင်အသက်အရွယ်ကြီးသည့် နိုင်ကျဉ်း အရေအတွက်ပိုမိုများကြောင်း MPW ထုတ်ပြန်ချက်အရ သိရသည်။

 

“မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို‌တာနဲ့ တပြိုင်နက်ထဲ မလွတ်‌မြောက်သေးခင်ဆက်ကြားမှာ အသက်ရှင်နေထိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ ကူညီစောင့်ရှောက်မှုတွေ တောင်းဆိုမှုတွေကို သေသေချာချာအာရုံစိုက်ပြီး လုပ်ပေး ကြဖို့ ကျွန်မတို့အဖွဲ့အစည်းအနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု MPWတာဝန်ရှိသူက ဆက်လက် ပြောသည်။

 

လက်ရှိတွင် နိုင်ငံတဝန်းရှိအကျဉ်းထောင်အသီးသီး၌ အကျဉ်းကျ ထိန်းသိမ်းခံနေရသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂,၆၅၆ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်