နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
အာဏာသိမ်း စစ်ကော်မရှင်က လွိုင်ကော်မြို့တွင် ၎င်းတို့ပြုရန် စီစဉ်နေသော ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)အား ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့် လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်လာသည်။
UKSY သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က လွိုင်ကော်မြို့ တစ်နေရာတွင် ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်တွင် တာဝန်ရှိသူများကို အမှုဖွင့်လိုက်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်က UKSY တာဝန်ရှိသူများကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၃(က) ဖြင့် လွိုင်ကော်ရဲစခန်း၌ အမှုဖွင့်ထားသော်လည်း ၎င်းတို့ ပြန်လည်ထိန်းချုပ်ထားသည်ဆိုသော လွိုင်ကော် မြို့တွင် နယ်မြေတည်ငြိမ်မှု မရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဒီဇင်ဘာ ၅ ရက်တွင် PDF နှစ်ဦး(စိစစ်ဆဲ)က ကချင်ပြည်နယ်၊ ရွှေကူမြို့၊ တုံးပုံရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ Non-CDM ဆရာ၊ ဆရာမများကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မပါဝင်ရန် ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲသည်။
စစ်ကော်မရှင်က PDF ဆိုသူ နှစ်ဦး(စိစစ်ဆဲ)အပြင် ရွှေကူမြို့၊ ရွှေဂဲကုန်းရွာရှိ အခြေခံပညာ အထက် တန်းကျောင်းမှ Non-CDM ဆရာတစ်ဦးကို ခြိမ်းခြောက်သည်ဆိုသော PDF ဆိုသူ နှစ်ဦး(စိစစ်ဆဲ) ကိုလည်း အမှုဖွင့်ထားကြောင်း သိရသည်။
ထို့အပြင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်၍ မဲရုံဖွင့်လှစ်မှု မပြုလုပ်ရန် KIO အရာရှိတစ်ဦးမှ ခြိမ်းခြောက်သည်ဆိုကာ ထိုသူကိုလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်သည်။
အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အမတ်လောင်းအား Facebook အကောင့်မှတဆင့် ဖုန်းခေါ်ငွေတောင်း ခြိမ်းခြောက်သည်ဆိုသော စိစစ်ဆဲတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဓာတ်ပုံ- UKSY