‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၅ ရက်

‎ရခိုင်-ဘင်္ဂလား‌ဒေရှ့်နယ်စပ်ရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့များက ဘင်္ဂလားဘက်အခြမ်းမှ အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်ပြီး ဘင်္ဂလား‌ဒေရှ့်ဘက်အခြမ်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်၌ အာရက္ခတပ်တော် AA ထိန်းချုပ် ထားသည့် ရခိုင်-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ရှိ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် AA ကထုတ်ပြန်လာသည်။

‎အင်အား ၁၀ ဦးခန့်ပါ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဖက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM (79) ဖြင့် မိနစ်အနည်းငယ်ကြာ အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု AAက ဆိုသည်။

‎AAတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဘင်္ဂလားဘက်ခြမ်းရှိ BGB နယ်ခြား‌စောင့်စခန်းတစ်ခုအနီးသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြ‌ကြောင်း သိရသည်။

‎”ARSA ၊ RSO ၊အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ယခုကဲ့သို့ အလစ်အငိုက်တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားပြည်သူလူထုများကို ချုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ပြုလုပ်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီးဖြစ်ပါသည်” ဟု AAက‌ ပြောသည်။

‎မိမိတို့ အာရက္ခနယ်စပ်ရှိ နေရာများသို့ ဘင်္ဂလားဘက်ခြမ်းမှ ယခုကဲ့သို့ ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက်၊ ချောင်းမြောင်း တိုက်ခိုက်သောလုပ်ရပ်များမှာ အကျင့်ပျက် BGB တပ်မှူးများ မှ မသိကျိုးကျွန်ပြုကာ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေသောကြောင့် နယ်စပ် တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါသည်ဟုလည်း AA က ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသည်။

‎ထို့အပြင် မိမိတို့အကြားတွင်ရှိနှင့်ပြီးသား နှင့် တည်ဆောက်နေကြသော ယုံကြည်မှုများကို ဆုတ်ယုတ်စေကာ မလိုလားအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါသည်ဟုလည်း AAကပြောဆိုထားသည်။