ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
မိခင်ဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သတင်းအချက်အလက်များကြားသိရခြင်းမရှိသဖြင့် ကွယ်လွန်သွားနိုင်ပြီး စိုးရိမ် ကြောင်း သားဖြစ် ကင်မ်အဲရစ်(ခ) ကိုထိန်လင်း က ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှလုံး၊ အရိုးနှင့်သွားဖုံးပြဿနာများကိုခံစားနေကာ ကျန်းမာရေး ချို့ယွင်းနေသည့် မိခင်ဖြစ်သူသတင်းကို တစ်ဆင့်စကားဖြင့် သာပြတ်တောင်း ပြတ်တောင်းကြား သိရကြောင်း ကင်မ်အဲရစ်က ဆိုသည်။
“အမေရဲ့ ကျန်းမာရေးပြဿနာတွေ ဆက်လက်ရှိနေပါတယ်။ နှစ်နှစ်ကျော်ပြီ ဘယ်သူမှ မတွေ့ရပါဘူး။ မိသားစုနဲ့ ထိတွေ့ခွင့် မပြောနဲ့၊ ရှေ့နေအဖွဲ့နဲ့တောင် ထိတွေ့ခွင့် မရပါဘူး။ သေဆုံးသွားတာတောင် ဖြစ်နိုင်ပါတယ်” ဟု တိုကျိုတွင် ပြုလုပ်သည့် ရိုက်တာအင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။

မိခင်ဖြစ်သူသည် နေပြည်တော်တွင်ထိန်းသိမ်းခံထားရသည်ဟုယုံကြည်ပြီး လွန်ခဲ့သည့်နှစ်နှစ်က မိခင်ဖြစ်သူထံမှ နောက်ဆုံးရရှိသည့်စာတွင် နွေရာသီနှင့် ဆောင်းရာသီတို့၌ အခန်းအတွင်းအပူချိန် လွန်ကဲမှုရှိသည်ဟု ညည်းညူထားကြောင်း ကင်မ်အဲရစ်က ဆိုသည်။
သို့သော်လည်း အားလပ်ရက်များ သို့မဟုတ် အရေးကြီး အထိမ်းအမှတ်နေ့များတွင် အကျဉ်းသားများကို လွှတ် ပေးခဲ့သည့်သမိုင်းကြောင်းရှိ၍ အာဏာသိမ်းစစ်တပ်အနေဖြင့် မိခင်ဖြစ်သူအတွက် တစ်ခုခု လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
“ကျွန်တော့်အမေနဲ့ ပတ်သက်လာရင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်မှာ သူ့ရဲ့ ကိုယ်ပိုင်အစီ အစဉ်ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီဖြစ်စေ၊ အပြီးမှာဖြစ်စေ လွှတ်ပေးခြင်း သို့မဟုတ် အိမ်အကျယ်ချုပ်သို့ ရွှေ့ပေးခြင်းဖြင့် အများပြည်သူကို ကျေနပ်အောင် လုပ်ဆောင်ဖို့ တစ်ခုခုတော့ ဖြစ်လာမှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စစ်ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူထံဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိကြောင်းဆိုထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက ဆူပူလှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှု အပါအဝင် ပြစ်မှုများအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ယင်းစွဲချက်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားသည်။
ကင်မ်အဲရစ်(ခ) ကိုထိန်လင်းသည် လက်ရှိတွင်မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံရသူများလွတ်မြောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာဆန္ဒပြတောင်းဆိုမှုပြုလုပ်လျက်ရှိသည်။
ကိုးကား – ရိုက်တာ