‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၅ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ သုံးခုမှ ဘုန်းကြီး နှစ်ကျောင်းနှင့် စာသင်ကျောင်းတို့ကို စစ်ကော်မရှင်က အသေခံဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎အင်တိုင်းကြီးရွာ၊ ကျောက်ကလေရွာနှင့် မင်းရပ်ရွာတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက် နေ့လယ် ၁နာရီ ၃၀မိနစ်အချိန်ခန့်မှစတင်ကာ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။

‎အင်တိုင်းကြီးရွာရှိ ဘုန်းကြီးကျောင်းအပေါ် ဗုံးချတိုက်ခိုက်ခံရသဖြင့် ဘုန်းကြီးကျောင်းခေါင်မိုးနှင့် နံရံများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ ‎စစ်‌ကော်မရှင်သည် မွန်းလွဲ ၂နာရီခန့်တွင် ကျောက်ကလေ ရွာရှိ ဘုန်းကြီး ကျောင်းတည့်တည့်ကို အသေခံ ဒရုန်းတစ်စင်းဖြင့် ထပ်မံ၍ ဗုံးလာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ရှောင်များ ခိုလှုံနေကြသည့် မင်းရပ်ရွာရှိ မူလတန်းစာသင်ကျောင်းကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲ ၂ နာရီ ၃၀မိနစ်တွင် အသေခံဒရုန်းဖြင့်ပင် လာရောက်ဗုံးကြဲချကြောင်း သိရသည်။

‎ဗုံးကြဲချ တိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်းဆောင်တို့မှာ ခေါင်မိုးများ ပွင့်ထွက်ပြီး နံရံများ ပြိုကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်နေ့က ကျောက်ဖြူရှိ င/လုံးစု အထက်ရွာနှင့် အောက်ရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့သည်။

‎လက်ရှိတွင် ကျောက်ဖြူမြို့နယ်၌ AA နှင့် စစ်ကော်မရှင်တို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က အထိနာကာ တပ်သားသစ်များ ဆက်တိုက်ဖြည့်တင်းနေရသည်။

‎စစ်ကော်မရှင်သည် ၎င်းတို့ပြုလုပ်မည့် အတုအရောင် ရွေးကောက်ပွဲကာလနီးကပ်လာချိန်တွင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ထားကာ စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံ၊ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းများကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

‎ဓာတ်ပုံ- APM
‎ပုံစာ- ဒရုန်းဗုံးကြဲချခံရသည့် ကျောက်ဖြူရှိ ဘုန်းကြီးကျောင်း