ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေ၌ ကျင်းပသော ဂျူးဘာသာဝင်တို့၏ အခမ်းအနား တစ်ခုကို သေနတ်သမား သားအဖနှစ်ဦး မှ ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်စဉ် သေနတ်သမားတစ်ဦးထံမှ လက်ဗလာဖြင့် သေနတ်ဝင်ရောက်လုယူခဲ့သည့် အာမက် အမည်ရှိ အမျိုးသားကို လူအများက “သူရဲကောင်း” အဖြစ် ချီးကျူးဂုဏ်ပြုနေကြကြောင်း သိရသည်။
အသက် ၄၃ နှစ်အရွယ် အာမက်သည် ဘွန်ဒီကမ်းခြေတွင် ကော်ဖီသောက်နေစဉ် ပစ်ခတ်သံများ ကြားခဲ့ရပြီးနောက် သေနတ်သမားတစ်ဦးကို တွေ့ရှိခဲ့သည်။ ၎င်းသေနတ်သမား၏ ကျည်ဆံ ကုန်သွားချိန်တွင် အာမက်က အနောက်ဘက်မှ ချဉ်းကပ်ကာ သေနတ်ကို လုယူခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အခြားသေနတ်သမားတစ်ဦးမှာ တံတားပေါ်တွင် ရှိနေခဲ့ပြီး အာမက်ကို သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။ အာမက်၏မိဘများ၏ ပြောကြားချက်အရ ကျည်ဆံ လေး၊ ငါးချက်ခန့် ပခုံးနှင့် လက်များသို့ ထိမှန်ခဲ့ရပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“သူ(အာမက်)က လူတွေသေနေတာကို မြင်ခဲ့တယ်။ သူတို့ရဲ့ အသက်တွေ ဆုံးရှုံးနေတာကို တွေ့ခဲ့တယ်။ အဲ့ဒီလူသတ်သမား ကျည်ဆံကုန်တာကို မြင်တဲ့အခါ သူ့ဆီက သေနတ်ကို လုခဲ့တယ်။ ဒါပေမဲ့ သူလည်း ပစ်ခံခဲ့ရတယ်” ဟု အာမက်၏ အမေဖြစ်သူက ပြောဆိုခဲ့သည်။
၂၀၀၆ ခုနှစ်မှစတင်၍ ဩစတြေးလျသို့ လာရောက်အခြေချခဲ့သော အာမက်သည် လက်ရှိတွင် သမီးနှစ်ဦး၏ ဖခင်ဖြစ်သည်။ ၎င်း၏ သေနတ်လုယူသည့် ရုပ်သံမှတ်တမ်းသည် အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် လူအများက သူ့ကို ချီးကျူးပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
“ရဲအရာရှိတွေနဲ့ ပြည်သူတွေရဲ့ ရဲ့ရင့်မှုကိုတွေ့ရတဲ့ အလွန်ရှင်းလင်းတဲ့ရုပ်သံမှတ်တမ်းကို ကျွန်တော်တို့ အားလုံး မြင်ကြပြီးပြီလို့ထင်ပါတယ်။ သူတို့အားလုံး အလွန်မြန်မြန်ပဲ လှုပ်ရှားခဲ့ကြတယ်” ဟု ဩစတြေးလျ ရဲအရာရှိက ပြောဆိုခဲ့သည်။
လူ ၁၆ ဦးကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ရသည့် ဘွန်ဒီကမ်းခြေ တိုက်ခိုက်မှု၏ အဓိက တရားခံ သားအဖနှစ်ဦးအနက် တစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာမူ လက်ရှိတွင် ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင်ကာ တင်းကျပ်စွာ စောင့်ကြပ်ထားကြောင်း သိရသည်။
ကိုးကား – ABC NEWS