ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
‎‎

မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများနှင့် တစ်သားတည်းရပ်တည်ပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
‎‎

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက်နေ့ ညပိုင်းအချိန်က မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသူ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာစောင့်များအပါအဝင် ၃၃ဦး သေဆုံးပြီး ၇၇ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။


အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကော်မရှင်ကို ရှုံ့ချပြီး လူသာချင်းစာနာမှုကို ထုတ်ဖော်ပြသခဲ့သော ကုလသမဂ္ဂအပါအဝင် အိမ်းနီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့အစည်းနှင့် NUG၊ တော်လှန်ရေးတပ်ဖွဲ့များ၊ တစ်သီးပုဂ္ဂလများ၊ ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်အဖွဲ့အစည်းများ စသည်တို့ကို ကျေးဇူးတင်ကြောင်း AA က ထုတ်ပြန်သည်။
‎‎

ခိုင်မာသောရပ်တည်ချက်နှင့် ဝမ်းနည်းကြေကွဲမှုကို အတူတကွထုတ်ဖော်ပြသပြီး ရပ်တည်ခဲ့ကြသည့် မျှဝေခံစားပေးမှုများသည်ဖိနှိပ်မှုများကို ခံစားနေရသည့် မိမိတို့အတွက်များစွာခွန်အားဖြစ်စေပါသည်။ထို့အတူ ထိခိုက်နစ်နာခံခဲ့ရသူများအတွက်လည်း စိတ်ခွန်အားများရရှိသည်မှာ အမှန်ပင်ဖြစ်ပါသည် ဟု AAကဆိုသည်။


အမှန်တရားကို ချစ်မြတ်နိုးပြီး တရားမျှတမှုလိုလားသော ကမ္ဘာ့အသိုင်းအဝိုင်း မိသားစုများနှင့်တကွ ဆက်လက် လက်တွဲလုပ်ဆောင်သွားရန်လိုအပ်ပြီး အရေးပေါ်လိုအပ်နေသော ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးရန်ကိုလည်း အကူအညီတောင်းခံထားသည်။

လသားကလေးငယ်အပါအဝင် လူအစုအလိုက်အပြုံလိုက်သေဆုံးသည့်ဖြစ်စဉ်ကို စစ်ကော်မရှင်က သေဆုံးသူများမှာ ပြည်သူများမဟုတ်ဘဲ အကြမ်းဖက်များဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။