ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
စစ်ခေါင်းဆောင်က ၅၁ နှစ်ပြည့် ရခိုင်ပြည်နယ်နေ့အတွက် သဝဏ်လွှာပေးပို့ရာတွင် ရခိုင်ပြည်နယ် လွတ်မြောက်ရေး လုပ်ဆောင်နေသည့် AAအပါအဝင် မဟာမိတ်ညီနောင် သုံးဖွဲ့ကို ပြစ်တင်စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။
MNDAA၊ TNLAနှင့် AA တို့၏ လုပ်ရပ်ကြောင့် တိုင်းရင်းသား လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေသည်ဟု ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သောရခိုင်ပြည်နယ်နေ့ကို သဝဏ်လွှာပေးပို့ရာ၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ တော်လှန်ရေးတပ်ဖွဲ့များကို ရည်ရွယ် ပြောဆိုထားသည်။
ထို့အပြင် လူငယ်များကို မူးယစ်ဆေးဝါးနှင့် မြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မ ရောက်ရှိစေခဲ့သည်ဟုလည်း ပြောဆိုထားသည်။
လက်နက်ကိုင်နည်းဖြင့် လိုလားချက်ကိုတောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများပြေလည်စေမည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်ကြရန်လည်း သဝဏ်လွှာတွင် ထည့်သွင်း ထားသည်။
ရခိုင်ပြည်နယ်နေ့ကို သဝဏ်လွှာပေးပို့ခဲ့သည့် စစ်ခေါင်းဆောင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ထားသည်။
ရခိုင်ပြည်သူများ အားထားဆေးကုသနေရသည့် မြောက်ဦး ပြည်သူ့ဆေးရုံကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့၌ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။
ဆေးရုံပင်ဖြစ်သော်လည်း အကြမ်းဖက်များအသုံးပြုသည့် အဆောက်အဦးဟု ရည်ညွှန်းကာ သတင်းပေးချက်အရ ဗုံးကြဲခဲ့ရသည်ဟု ပြောဆိုထားသည်။သေဆုံးသူများမှာ အကြမ်းဖက်နှင့် အကြမ်းဖက်အားပေးများဖြစ်သည်ဟုပင် ပုံဖျက်ခဲ့သည်။
လက်ရှိတွင် စစ်ခေါင်းဆောင်က အကြမ်းဖက်ဟု ရည်ညွှန်းထားသည့် MNDAA၊ TNLAတို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူထားပြီး ရှမ်းမြောက်တွင် အပစ်ရပ်ကာ AAစိုးမိုးနယ်မြေများရှိရာ ရခိုင်ပြည်နယ် အတွင်း ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။