ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ကနောင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် ကနောင်မြို့နဲ့ မြန်အောင်မြို့ပေါ်က မူလတန်းကျောင်းတချို့ကိုပိတ်လိုက်ပြီး အထက်တန်း ကျောင်းတွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် မြန်အောင်မြို့နယ်( အမက သဲဖြူ) မူလတန်းကျောင်း မှာတက်ရောက်နေတဲ့ ကလေးတွေကို ၄င်းတို့မိဘတွေက လာရောက်ခေါ်ဆောင်သွားလို့ ကျောင်းပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။
ကနောင်မြို့အထက်တန်းကျောင်းက ကျောင်းသားတွေကိုလည်း ကျောင်းသားမိဘတွေကလာရောက်ခေါ်ဆောင် ပေမယ့် ကျောင်းတာဝန်ရှိသူတွေက ပြန်မလွှတ်ဘဲ ဆက်လက်ထိန်းထားပြီး လုံခြုံရေးချပြီး ကျောင်းဆက်ဖွင့်နေတယ်လို့သိရပါတယ်။
” မနက်ကရဲတယောက်ပစ်ခံရတော့သေနတ်သံတွေ ဆက် တိုက်တွေထွက်လာတော့ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကိုကျောင်းဆက်မတက်ခိုင်းတော့ဘဲ ပြန်လာခေါ်ကြတာ။ သဲဖြူကျောင်းဆို အကုန်ပြန်ခေါ်သွားလို့ပိတ်ကိုထားလိုက်ရတာ။ အထက်တန်းကျောင်းကြီးကိုလည်း ကျောင်းသားမိဘတွေကသွားခေါ်တယ်။ ကျောင်းကပြန်မလွှတ်ပေးတာ။ ခုကျောင်းတွေမှာ လုံခြုံရေးတွေချထားတယ်” လို့ ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုဖြစ်စဥ်ကြောင့် ကနောင်မြို့နဲ့ ၆ မိုင်ဝန်းကျင်ဝေးတဲ့ မြန်အောင်မြို့ပေါ်မှာလည်း စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီး မြို့ပေါ်က နေခြည်စာ သင်ကျောင်းအပါအဝင် စာသင်ကျောင်းတွေကို စစ်အုပ်စုကလုံခြုံရေးချပြီးဆက်လက်သင်ကြားနေရတယ်လို့ မြန်အောင်ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ကနောင်ရဲစခန်းက ရဲတပ်သား ဇော်ဇော်ထက် ပစ်ခတ်ခံခဲ့ရပြီးနောက် ရဲတွေဘက်ပြန်လည်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ပစ်ခံရတဲ့ရဲဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့သိရပါတယ်။
မြို့ခံတွေဘက်က စာသင်ကျောင်းတွေမှာအဲ့ဒီလိုစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်နေပေမယ့် ဧရာဝတီတိုင်းအတွင်းတော်လှန်ရေးအင်အားစုတွေကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါသေးတယ်။