ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားရှိ အာဏာ သိမ်းစစ်တပ်၏ လုံခြုံရေးဂိတ်မှ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမားများကို ပို့ဆောင်ပေးနေသည့် ကုမ္ပဏီများထံမှ စစ်ဆေးရေးဟုအကြောင်းပြကာ တရားဝင်ငွေကြေး ၅ သောင်းကျပ်မှ တသိန်းကျပ်အထိ တောင်းယူနေကြောင်း ကိုယ်တွေ့ကြုံကြရသူများထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်သည် လုံခြုံရေးစစ်ဆေးချက်များ ပြုလုပ်ရာတွင် စစ်ကောင်စီထံမှ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်နေသော ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်နေသည့် ကုမ္ပဏီများက ၎င်းတို့၏ အလုပ်သမားများကို ပို့ဆောင်ရာတွင် စစ်ဆေးရေးဂိတ်တွင် ငွေကြေးတောင်းခံပြီး မပေးလျှင်နည်းအမျိုးမျိုးဖြင့် အချိန်ကြန့်ကြာအောင် ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးနေသည့် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဲ့ဒီဘားအံဂိတ်ဟာ ၅/ (စစ်ကိုင်းတိုင်း)နဲ့ ၄/( ချင်း ပြည် နယ်)၊ ၈/ မကွေးတိုင်း ဒေသ မှတ်ပုံတင်ကိုင်ဆောင်သူဖြစ်ပါက ပစ်မှတ်ထားစစ်ဆေးခံရပြီး အစစ်ဆေးကြမ်းတမ်းသည့်အပြင်ငွေတောင်းခံမှုများလည်းရှိကြောင်း အဆိုပါခရီးလမ်းတွင်သွားလာနေသူဒေသခံတဦးကပြောသည်။
”ကျနော်တို့က အဝေးပြေး ကားတွေနဲ့ အလုပ်သမားတွေကို စုပြီးသွားပို့တာ။ သူတို့က စစ်ဆေးတဲ့အခါ မှန်ကန်တဲ့ စာရွက်စာတမ်း၊ လူစာရင်းတွေ ရှိနေလျှက်နဲ့ တခါပို့တိုင်း ရစ်တယ်။ ငွေပေးရင် စာရွက်တွေကြည့်ပြီး စစ်တောင်မစစ်ဘူး။ ကားပေါ်မှာက တခြားခရီးသည်တွေကလည်း ပါနေတော့ ကျနော်တို့မှာ သူတို့ကို ငွေပေးလိုက်ရတာပေါ့။ မပေးရင် ဘာအကြောင်း၊ ညာအကြောင်းဆိုပြီး အချိန်အကြာကြီး ရစ်နေတာ” ဟု သူက ဆိုသည်။
ထို့အပြင် ကားလိုင်းများမှလည်း ငွေကြေးတောင်းခံမှုများကို ရန်ကုန်၊ မြဝတီကားလမ်းအတိုင်း စစ်ဆေးရေးဂိတ် ၂ဝ ကျော်ရှိနေပြီး ဂိတ်တိုင်းကို ငွေကြေးပေးနေရပြီးမှသာလျှင် အစစ်အဆေးများ သက်သာမှုရရှိကြောင်း အဝေးပြေးကားလိုင်းတခုမှ ယာဉ်မောင်းတဦးက ပြော သည်။
ရန်ကုန်မှ မြဝတီသို့ လမ်းတလျှောက် ရေသန့်ဘူးနှင့်အတူ ငွေပေးမှသာလျှင် ဂိတ်တိုင်းတွင် ချောမွေ့စွာ ဖြတ်သန်းရပြီး ငွေမပေးလျှင် နည်းအမျိုးမျိုးဖြင့် စစ်ဆေးခြင်းများကြောင့် အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်ရကြောင်း သူက ဆိုသည်။
”တဂိတ်ကို အနည်းဆုံး ၁ ထောင်ကနေ ၅ ထောင်လောက်အထိ ဂိတ်အသေး၊ အကြီးပေါ်မူတည်ပြီး ခရီးသည်စာရင်းနဲ့ ရေသန့်ဘူးနဲ့အတူ ထည့်ပေးလိုက်ရင် တမိနစ်တောင်မကြာဘူး။ အဲ့လိုမှမဟုတ်ရင်တော့ ကားပေါ်က ခရီးသည်တွေကို မှတ်ပုံတင်စစ်မယ်။ ကားအတွင်းခန်းက ပစ္စည်းတွေကို စစ်မယ်နဲ့ အနည်းဆုံး နာရီဝက်လောက်အထိ ကြာရော။ ပေးလိုက်တော့လဲ အေးတာပဲဗျာ။ ကားသမားနဲ့ ဒီစစ်တပ်ရဲ့ စစ်ရေးဂိတ်တွေက လင်မယားတွေလိုပါပဲ။ သူတို့မှာလဲ ကျနော်တို့ပေးမှ အဆင် ပြေမယ့်သဘောပေါ့ဗျာ” ဟု သူက ဆက်ဆိုသည်။
ရန်ကုန်မှ မြဝတီသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ကား ဂိတ်များအနေဖြင့် ဖွင့်ဖောက်စစ်ဆေးပြီးမှ လက်ခံရန်၊ ပစ္စည်းလာပို့သူ၊ လက်ခံမည့်သူများစာရင်းကို တိကျစွာ မှတ်တမ်းယူထားရန်၊ စစ်တပ်မှ တရားမဝင်ဟု ယူဆသည့် ပစ္စည်းများဖြစ်လာပါက ထိုပစ္စည်းပို့သူ၊ လက်ခံမည်သူများကိုသာမက ကားလိုင်းကိုပါ အရေးယူမည်ဟု အာဏာသိမ်းစစ်တပ်မှ ကားဂိတ်များကို အကြောင်းကြားထားသည်။