ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဒီဇင်ဘာ ၁၄ ရက်)

ပဋိပက္ခဒဏ်ခံနေရချိန်တွင် ရွေ့ပြောင်းနေထိုင်ရသူများ၊ ခိုလှုံရာမဲ့သူများ၊ အကူအညီရရှိရန် ခက်ခဲသော ဒေသခံများ အတွက် အအေးဒဏ်နှင့် ယှဉ်တွဲလျက် ကျန်းမာရေးပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ လုံခြုံတဲ့နေအိမ်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေချိန်မှာ ဆောင်းရာသီအအေးဒဏ်ကိုပါ ထပ်လောင်း ရင်ဆိုင်ရတာကြောင့် ကျန်းမာရေး အခက်အခဲတွေ ပိုမိုကြုံတွေ့လာရပါတယ်။

🟥အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်ကူးစက်မှုများ

တုပ်ကွေး၊ အအေးမိ၊ နာတာရှည်ချောင်းဆိုးစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ လူစုလူဝေးနဲ့ နေထိုင်ရတဲ့ ခိုလှုံရာနေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အလျင်အမြန် ကူးစက် ပျံ့နှံ့ နိုင်ပါတယ်။

ပန်းနာရင်ကြပ် (Asthma)- အအေးမိခြင်း၊ လေထုစိုထိုင်းဆ နည်းပါးခြင်းနှင့် လေထုညစ်ညမ်းမှုများ ကြောင့် ရောဂါလက္ခဏာများ ပိုဆိုးရွားလာတတ်ပါတယ်။

တုပ်ကွေး (Influenza / Flu)- တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာချိန် အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းများက လူတိုင်းစေ့လိုလို ကူးစက်ဖြစ်ပွားပါတယ်။

အဆုတ်ရောင်ခြင်း (Pneumonia)-အထူးသဖြင့် ဆောင်းအအေးဒဏ်ကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုတွေမှာ ပိုအဖြစ်များပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)-လေပြွန်များ ရောင်ရမ်းပြီး ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း ဖြစ်တတ်ပါတယ်။ မီးလှုံရာမှ ထွက်တဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိတာကြောင့် ရောဂါပိုပြင်းထန်သွားတတ်တာမို့ လေဝင်လေထွက်ကောင်းသော နေရာတွင်သာ မီးလှုံပါ။

အအေးမိခြင်း (Common Cold)- ဆောင်းရာသီမို့ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း တွေလည်း ပိုအဖြစ်များကြရပါတယ်။

🟥ကူးစက်မှုကာကွယ်ခြင်း

ကူးစက်မှု လျှော့ချဖို့ အခြေခံအကျဆုံးကတော့ လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း ဖြစ်ပါတယ်။ (လက်သန့်ဆေးရည်လည်း သုံးနိုင်ပါတယ်)။ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံ ထားပါက ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။

နေထိုင်ရာနေရာကို လေဝင်လေထွက် ကောင်းမွန်အောင် ထားပေးရပါမယ်။ ရေနွေးကိုလည်း မကြာခဏ သောက်ပေးသင့်ပါတယ်။ နှာချေလျှင် ချောင်းဆိုးလျှင် လက်ကိုင်ပုဝါအသုံးပြုကာ အုပ်၍ ချောင်းဆိုး နှာချေခြင်း လုပ်ရပါမယ်။ လည်ပင်း၊ ရင်ဘတ်၊ နားရွက်များကို မာဖလာ၊ အနွေးထည်၊ ဦးထုပ်တွေကို လုံ‌နေအောင်ဝတ်ဆင်ပြီး ဆောင်းတွင်းအေးဒဏ်ကို ရင်ဆိုင်အန်တုရပါတယ်။

🟥အပူချိန်ကျဆင်းမှုဒဏ် (Hypothermia)

ပတ်ဝန်းကျင်ရာသီဥတုအရမ်းအေးပြီး ကိုယ်တွင်းအပူချိန် ကျသွားပါက အသက်အန္တရာယ်ရှိတဲ့ အရေး ပေါ်အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အဝတ် အစားကို အထူတစ်ထည်တည်း ဝတ်မယ့်အစား အလွှာလိုက် ဝတ်ဆင်ကာ ကိုယ်အပူဓာတ်ကို ပိုမိုထိန်းထားနိုင်ပါတယ်။

လေဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားမျိုးကို အပေါ်ဆုံးအလွှာမှာထား ဝတ်ဆင်ရပါမယ်။ မနက်အစောပိုင်းနဲ့ ညပိုင်းအပူချိန်ကျချိန်တွေမှာ ပိုဂရုစိုက်ပါ။

စိုစွတ်တဲ့အဝတ်အစားတွေဟာ အပူကို လျှင်မြန်စွာ ဆုံးရှုံးစေတာကြောင့် ‌အအေးဒဏ် ခံနေရချိန်တွင် ခြောက် သွေ့နေသော အဝတ်အစားများကိုသာ ဝတ်ဆင်ပါ။ ခန္ဓာကိုယ်နှင့် အဝတ်အစားများ မတော်တဆ စိုစွတ်ခဲ့ပါက အဝတ်အစား ချက်ချင်းလဲရပါမယ်။

အိပ်စက်သည့်အခါ စောင်၊ ဖျင်၊ အနွေးထည် လုံလောက်စွာခြုံပြီး ခန္ဓာကိုယ်ကို နွေးထွေးနေအောင် ဂရုစိုက်ပါ။မြေပြင်ပေါ် မအိပ်ဘဲ (ဖျာ၊ ပလတ်စတစ်စ) အောက်ခံတစ်ခုခုခံ၍ အိပ်စက်ပါ။ ကလေးသူငယ်နှင့်သက်ကြီးရွယ်အို‌တွေက အအေးဒဏ်ကို ပိုခံစားရပြီး ထိခိုက်လွယ်တာကြောင့် အထူးအလေးထား စောင့်ရှောက်ရပါမယ်။

🟥အာဟာရနှင့် ရေဓာတ်

ကိုယ်ခံအားပြည့်ဝကျန်းမာနေမှ အအေးဒဏ်ကိုခံနိုင်ပြီး ရောဂါတွေကို တွန်း လှန်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ဆောင်းရာသီမှာ စွမ်းအင်ရရှိစေမယ့် အစား အစာများ ချက်ပြုတ်ဖို့စားသောက်ပေးရပါမယ်။ အခက်အခဲရှိပါက မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဆန်၊ ဆီ တို့လို ကယ်လိုရီဓာတ်များပြီး စွမ်းအင်ပေးနိုင်တဲ့ အစား အစာတွေကို ရွေးချယ်စားသုံးရပါမယ်။ ကိုယ်ခံအားကောင်းစေသော အစား အစာများ:ဗီတာမင်-C ကြွယ်ဝသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနဲ့ အသား၊ ငါး၊ ဥ တို့ကို မျှတစွာ စားသုံးပါ။

ဟင်းချိုပူပူ ၊ပြုတ်ထား ၊ ပေါင်းထားသောအစားအစာ၊ နွေးထွေးသော အစား အစာတွေကို စားသုံး ခြင်းဖြင့် ခန္ဓာကိုယ်က အပူဓာတ်ရပါတယ်။

ဆောင်းရာသီဆိုတာ နွေမှာလို ရေငတ်‌ရေဆာခြင်းနည်းတာကြောင့် ရေသောက် ဖို့ မေ့နေတတ် ကြပါတယ်။ ရေဓာတ်လုံလောက်မှသာ ခန္ဓာကိုယ်၏ လုပ်ငန်း ဆောင်တာများ ကောင်းမွန်စွာ လည်ပတ် နိုင်မှာဖြစ်တာကြောင့် ရေများများ သောက်သုံးဖို့လည်း လိုအပ်ပါတယ်။

စစ်ပွဲကြောင့်အရာရာရှားပါးသော အအခြေအနေမှာ အစားအစာဘေးကင်းလုံခြုံဖို့လည်း ဂရုစိုက် ရပါမယ်။ မသန့်ရှင်းသော အစားအစာနှင့် ရေသောက်သုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကလည်း ဆောင်း ရာသီမှာအဖြစ်များပါတယ်။

🟥အရေပြားပြဿနာ

ပဋိပက္ခဒဏ်ကြောင့် ကြုံသလိုရွှေ့ပြောင်းနေထိုင်ရခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ လူဦး ရေထူထပ်သိပ်သည်းခြင်းနှင့် အအေးဒဏ်တို့ကြောင့် အရေပြား ပြဿနာများလည်း ကြုံတွေ့ရပါတယ်။

အအေးဒဏ်နှင့် လေထုခြောက်သွေ့မှုကြောင့် အရေပြားခြောက်သွေ့ခြင်း၊ အရေပြားကွဲအက်ခြင်း၊ ယားယံခြင်း တို့ကို ကြုံရပါတယ်။ နှုတ်ခမ်းကွဲခြင်း၊ ခြေဖနောင့်ကွဲခြင်း တွေကလည်း ဆောင်းရာ သီမှာကြုံရတဲ့ အရေပြားပြဿနာတွေပါ။ ဂလစ်စရင်းအသားလှဆီ ၊ အရေပြားလိမ်းလိုးရှင်း၊ စနိုး စတာ တွေကို အသုံးပြုပြီး အရေပြားစိုထိုင်းဆမြှင့်တင်ပေးသင့်ပါတယ်။

စစ်ရှောင်တယ်ဆိုတာ သာယာချောမွေ့တဲ့ အခြေအနေမဟုတ်ပါဘူး။ လမ်းလျှောက်ရ ပုန်းခိုရ အကြောင်းကိစ္စမျိုးစုံ ရင်ဆိုင်ရတာကြောင့် မကြာခဏဆိုသလို အရေပြားဒဏ်ရာတွေရကြပါတယ်။ ပွန်းပဲ့ထိခိုက်တဲ့ဒဏ်ရာတွေကို ဆေးကြောပြီး ပိုးမဝင်စေရန် သန့်ရှင်းစွာထားရပါမယ်။ အကယ်၍ ပိုးဝင်အနာရင်းပြီး အပူချိန်တက် အနာနီရဲ ရောင်ရမ်းခြင်း‌တွေ ဆောင်းတွင်းမှာပို ဖြစ်တတ်တာကြောင့် ကုသမှုခံယူဖို့အချိန်မစွဲသင့်ပါဘူး။

ရွာတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် အလျင်အမြန်ပြန်ထူထောင်ထားရတဲ့ ခိုလှုံရာနေရာတွေဆိုတာ အခြေကျပြီးရွာကြီးတွေလို့မဟုတ်ဘဲ သန့်ရှင်းမှုအားနည်းတတ်ပါတယ်။

သုံးရေခက်ခဲခြင်းကြောင့် မြေနေရာအသစ်မှာ ယာယီအဆင်ပြေသလို နေရတဲ့စစ်‌ရှောင်ပြည်သူတွေမှာ အတွေ့ရ များတာကတော့ ကူးစက်တတ်တဲ့ယားနာ‌ တွေနဲ့ ခြေထောက်မှိုစွဲခြင်းပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ရာဘာဖိနပ်များနှင့် အရေပြားရောဂါကုဆေးဝါးတွေ အစဉ်အမြဲ လိုအပ်လျက် ရှိနေပါတယ်။။

အဆစ်အမြစ်ကိုက်ခဲတတ်သူတွေအနေနဲ့ အအေးဒဏ်ကြောင့် အဆစ်အမြစ်များ တောင့်တင်း ကိုက်ခဲမှုတွေကလည်း ပိုဆိုးလာတတ်ပါတယ်။ ရောဂါအခံရှိသူတွေအနေနဲ့ အအေးဒဏ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။

နှလုံးရောဂါ (Heart Problems)-နှလုံးသွေးကြောကျဉ်းရောဂါရှင်များ ဆောင်းရာသီမှာ နှလုံးအောင့်ခြင်း အဖြစ်များတာကြောင့် ပိုပြီး ကျန်းမာရေးအသိရှိကြပါ။အအေးဒဏ်ကြောင့် သွေးကြောများ ကျုံ့ခြင်း၊ လက်ဖဝါးခြေဖဝါးထုံကျဥ်ခြင်း၊ သွေးတိုး သွေးပေါင်ချိန်တက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု ကောင်းမွန်‌စေဖို့ ကိုယ်ခံအား တက်စေဖို့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်ပေးခြင်းဖြစ်စေ၊ လမ်းလျှောက်ခြင်းဖြင့်ဖြစ်စေ နေ့စဉ် ကိုယ်လက်လှုပ်ရှားပေးရပါမယ်။

🟥စိတ်ကျန်းမာရေးနှင့် စိတ်လုံခြုံရေး

ကျန်းမာရေးစောင့်ရှောက်မှု‌ဆိုတာ ရုပ်ပိုင်းဆိုင်ရာခံစားရတဲ့ဝေဒနာတွေ သာမက ပြိုလဲနာကျင်သွားတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပါ ပါဝင်ပါတယ်။

အရေးပေါ် အခြေအနေမှာ တစ်ဦးကိုတစ်ဦး အားပေးစကားပြောခြင်း၊ အချင်းချင်း ကူညီခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်တွေကို လျော့ပါးအောင်ကျင့်ကြံပြီး ဖြတ်‌ကျော်ရပါတယ်။လုံခြုံတယ်လို့ ယူဆရတဲ့ အခိုက်အတန့်မျိုးမှာ အိပ်စက်ပြီးခန္ဓာကိုယ်အနားယူဖို့ လိုအပ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်ကူညီသူများ ၊ လူမှုကူအညီပေးတဲ့အဖွဲ့အစည်းများနဲ့ လက်လှမ်းမီတဲ့ ဒေသတွေမှာ ဆက်သွယ်ပြီး အကူအညီရယူပါ။

ပဋိပက္ခ ကြားမှာ ဆောင်းရာသီကို ကျန်းမာစွာ ဖြတ်သန်းနိုင်အောင် အကြံပြု အားပေးတိုက်တွန်း လိုက်ပါတယ်။ ဧရာဝတီတိုင်မ်း ပရိသတ်များလည်း ဆောင်းရာသီအအေးဒဏ်ကို ကျန်းကျန်းမာမာ ကျော်လွှားနိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ “အကျဉ်းထောင်မှ လွတ်မြောက်လာသူတိုကို ကျန်းမာစေချင်ပါတယ်” ဆိုတဲ့ဆောင်းပါး ဖော်ပြပေးသွားမယ်။