ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကော်မရှင် ခြေကုပ်ယူတပ်စွဲထားရာ မိုးကုတ်ဗျူဟာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

တော်လှန်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းအချိန်မှစကာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကော်မရှင်ဗျူဟာကုန်းကို ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး မိုးကုတ်အရှေ့ပိုင်းတွင် ထိတွေ့ တိုက်ပွဲ များ အပြင်းအ ထန်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

“ဗျူဟာကုန်းက မြို့နဲ့အတော်နီးတယ်။ မြို့နဲ့နီးတာကြောင့် တော်လှန်ရေးတပ်တွေ မြို့နဲ့နီးလာပြီဆိုတာ သိရတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတာ။ ဖြစ်တဲ့တိုက်ပွဲနေရာတွေကို နာရေးကားတွေ စစ်တပ်က တောက်လျှောက်လွှတ်နေတာ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက မိုးကုတ်မြို့၏ စစ်ရေးအရ အချက်အခြာကျသည့် ဆတ်အင်းပြန့် လမ်းဆုံအထိ တိုက်ပွဲများ ဖော်ဆောင်လာကာ မိုးကုတ်အနောက်ခြမ်းတွင်လည်း စစ်ကော်မရှင် စိုးမိုးကုန်းကို သိမ်းယူနိုင်ခဲ့သည်။

 

မိုးကုတ်မြို့အတွင်း ဝင်ရောက်တပ်စွဲလာသည့် စစ်ကော်မရှင်က ဗျူဟာကုန်း၊ မစိုးရိမ်ဘုန်းကြီး ကျောင်းဝင်းနှင့် ရှမ်းကျောင်းတို့တွင် လက်နက်ကြီးများ အခိုင်အမာတပ်ဆင်ထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက် ကြီးပစ်ကူများ ပေးလျက်ရှိသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တို့ ဆတ်အင်းပြန့်ကျေး ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က TNLA အကူအညီဖြင့် မိုးကုတ်မြို့အတွင်း ဝင်ရောက်လာသည့် စစ်ကော် မရှင်တပ်များမှာ မိုးကုတ်မြို့အပြင်သို့ပါ စစ်ကြောင်းထိုး ထွက်လာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-မိုးကုတ်ဗျူဟာ(ပုံဟောင်း)

ပုံစာ-၂၀၂၄ ဇူလိုင် စစ်ကော်မရှင်၏ မိုးကုတ်ဗျူဟာကို သိမ်းပိုက်စဉ်က တွေ့ရသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊