ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
နေပြည်တော်ရှိ အခမ်းအနားတစ်ခုတွင် ဖျော်ဖြေခဲ့သည့် အောင်စိုးမင်းဆိုင်းအဖွဲ့မှ လူရွှင်တော်အဖွဲ့သည် သင်္ကန်းခြုံ၍ ဟာသပြက်လုံးထုတ်ခဲ့မှုကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် စစ်ကော်မရှင်က ဖမ်းဆီး အရေး ယူခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာရှိ ဘုန်းကြီးဘွဲ့တံဆိပ်တော်ကပ် အခမ်းအနားတွင် ပါဝင် ဖျော်ဖြေခဲ့စဉ် လူရွှင်တော်အဖွဲ့က သင်္ကန်းခြုံကာ ပြက်လုံးထုတ်ခဲ့သည့်အပြင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးဘုရားရှိခိုး နှင့် ဂန်းနမ်းစတိုင် (Gangnam Style) သီချင်း ကိုပါ တွဲဖက် ဖျော်ဖြေခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

ကြာနီကန်ဆရာတော်၏ အနန္တငါးပါးဘုရားရှစ်ခိုးနှင့် ဂန်းနမ်းစတိုင်သီချင်းကို တွဲဖက်၍ ဖျော်ဖြေခဲ့မှု အတွက် ဆိုင်းအဖွဲ့ဝင် ငါး ဦး ကို ပုဒ်မ ၂၉၄ နှင့် ပုဒ်မ ၂၉၅ (က) (သာသနာညှိုးနွမ်းစေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။ ပုဒ်မ ၂၉၅ (က) သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သည်။
စစ်ကော်မရှင်သည် ဆိုင်းဆရာ စိုးသိန်း (ခ)အောင်စိုးမင်း၊ လူရွှင်တော် စိုးမင်းဦး၊ ထက်လင်းဦး(ခ) မျက်ပြူး၊ ကိုဖြိုး(ခ)ဝေဖြိုးထက်နှင့် နန်းဝတီတို့ကို ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးပြီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေမှု ရုပ်သံဖိုင်သည် ၎င်းတို့ ဖျော်ဖြေခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့မှစ၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက်စစ်တပ်ထောက်ခံသူများနှင့် မဘသ အဖွဲ့အစည်းများ က အရေးယူရန် လှုံ့ဆော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။