ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအတုအပေါ် ပြည်သူများ စိတ်ဝင်စားခြင်းမရှိ၍ မဲစာရင်း စစ်ဆေးခြင်း မရှိသည့်အတွက် လက်အောက်ခံ ဌာနဆိုင်ရာမှ Non-CDM ဝန်ထမ်းများကို မဲစာရင်း စစ်ဆေးရန်နှင့် မဲပေးနိုင်ရန်အတွက် အတင်းအကျပ် ဖိအားပေး ခိုင်းစေနေကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများသည် ဝန်ထမ်းများအား မဲစာရင်းစစ်ဆေးသည့် သက်သေများ ပြခိုင်းခြင်း၊ မဲစာရင်းတွင် အမည်မပါပါက ပုံစံ ၃ ဖောင်ဖြည့်၍ မဲစာရင်းပါရှိရန် တင်သွင်းခိုင်းခြင်းများ ပြုလုပ်ရန်စေခိုင်းလျက်ရှိသည်။
ယင်းအချက်အလက်များကို ဓာတ်ပုံရိုက်ယူ၍ ဌာနဆိုင်ရာ အကြီးအကဲများကို တင်ပြရန်ညွှန်ကြား ထားကြောင်း သိရသည်။
ထို့အပြင် Non CDM ဝန်ထမ်းများကို မဲစာရင်းကပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု ရုံးများတွင်သာမကဘဲ ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအထိ ကိုယ်တိုင်သွားရောက်ကာ စစ်ဆေးအတည်ပြုချက် ရယူခိုင်းထားကြောင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“ဌာနဆိုင်ရာ အသီးသီးမှာ အခုရုံးဖွင့်ရက်ကစပြီး အရေးကြီးအစည်းအဝေး ခေါ်ပြီး ဝန်ထမ်းတွေ အကုန်လုံးကို ဆူပူကြိမ်းမောင်းတယ်။ မဲစာရင်းမစစ်၊ မဲမထည့်ရင် အလုပ်ဖြုတ်၊ ထောင်ချမယ့်ပုံ ပြော ဆိုတယ်။ ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရုံးအထိ အချက်အလက်ပေးပြီး စာရင်းစစ်ခိုင်းတယ်” ဟု ရွေးကောက်ပွဲကော်မရှင်ရုံးကို စေလွှတ်ခံရသူ ရုံးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲတွင် လူစည်ကားပြီး မဲထည့်မည့်သူ များပြားစေရန် ရည်ရွယ်၍ ပြည်သူလူထုအတွင်း ခြိမ်းခြောက်ဖိအားပေးမှုများ မျိုးစုံပြုလုပ်လာသည်။
ပြည်သူလူထုနှင့် ပတ်သက်နှီးနွယ်နေသည့် ကယ်ရီသမားများ၊ လမ်းဘေးဈေးသည်နှင့် ဈေးများအတွင်း မဲစာရင်းမစစ်၊ မဲမထည့်ပါက အချက်အလက်နှင့် တိုက်ဆိုင်စစ်ဆေးပြီး တစ်ဦးချင်း ထိရောက်စွာ အရေးယူမည်ဆိုသည့် ခြိမ်းခြောက်စကားများကို သတင်းလွှင့်ခိုင်းထားသည်။
ဝန်ထမ်းများကိုမူ ရပ်ကွက်/ကျေးရွာအုပ်စု ရုံးများ၌ မဲစာရင်းကပ်သည့်နေ့မှစကာ မဲစာရင်းစစ်ရန်နှင့် ကြိုတင်မဲပေးရန်အတွက် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်
ဓာတ်ပုံ-MOI