ဧရာဝတီတိုင်းမ်
(မတူပီ)၊ဒီဇင်ဘာ ၁၃ ရက်
ချင်းညီနောင် (CB) ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ မတူပီမြို့နယ်ကိုစစ်ကော်မရှင်တပ်မှ ပေါင် ၅၀၀ ဗုံးသီးများ အပါအဝင် နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စင်းသည် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်က မတူပီမြို့နယ်၊ မတူပီ – ပလက်ဝ လမ်းမပေါ်ရှိ ၉ မိုင်ကို ပေါင် ၅၀၀ ဗုံးသီးများအပါအဝင် ဗုံး ၅ လုံးထက် မနည်း ကြဲချသွားကြောင်း သိရသည်။

“အဝေးကနေ ကင်းထောက်လေယာဥ်နဲ့ ကင်းထောက်ပြီး ဂျက်ဖိုက်တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီးများ အပါအဝင် ဗုံး ၅ လုံးလောက်ကြဲသွားတယ်။ ထိခိုက်မှုအခြေအနေ မသိရသေးဘူး”ဟု မတူပီမြို့နယ် ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှစ၍ စစ်ကော်မရှင်၏ စခန်းဟောင်းဖြစ်သည့် ခလရ-၃၀၄ တပ်ရင်းကို ၃ ကြိမ်နှင့် ခလရ-၁၄၀ တပ်ရင်းကို တစ်ကြိမ် ၁၀ မိနစ်ခြား၍ လေကြောင်းမှ တိုက် ခိုက်ခဲ့သည်။
“စကစ(စစ်ကော်မရှင်) စခန်းဟောင်းဘက်မှာ အရပ်သားတွေမရှိဘူး။ လူထိခိုက်မှုက မရှိလောက်ဘူး။ အိမ်တွေ၊ အဆောက်အဦးက ပျက်စီးမှု ရှိလောက်တယ်။ အရပ်သားတွေက ထပ်ပြီး ဗုံးကြဲခံရမှာစိုးလို့ အဲဘက်မှာ သွားကြည့်တာတွေ မလုပ်ရဲသေးပါဘူး” ဟု မတူပီမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကော်မရှင်သည် ယမန်နေ့၊ နေ့လယ် ၁နာရီဝန်းကျင်ကလည်း မတူပီမြို့အစွန့်ဘက်ရှိ နေရာများကို ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မတူပီမြို့ အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် ချင်းပြည်နယ်တောင်ပိုင်းကို လေကြောင်းဖြင့် တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ၁၅ လုံး ပျက်စီးခဲ့ကြောင်း မြို့နယ် လူသားစာနာဘေးစီမံဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မတူပီမြို့ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦ ကို တွေ့ရစဥ်(ပုံဟောင်း)