နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်ဂိုဏ်း (ခေါ်) ကျားဖြန့်ဂိုဏ်းများကို အဓိက ကိုင်တွယ် နှိမ်နင်းနေသည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး မစ္စတာ လျှိုကျုံးရီ သည် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်အခြေ အနေများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

မြဝတီဒေသရှိ ကျားဖြန့်ဂိုဏ်းများ ကြီးထွားလာမှုနှင့် ပတ်သက်၍ အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စတင်ပါဝင်လာပြီးနောက်တွင် တရုတ်ဒုဝန်ကြီးသည် နေပြည်တော်သို့ ရောက်ရှိလာကာ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကော်မရှင် နှင့် တွေ့ဆုံခဲ့ပြီးနောက် မြ၀တီသို့လာရောက်ခွင့် ပြုခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံမှုကို စစ်ကော်မရှင်ကလည်း ၎င်းတို့ကို လာရောက် ဂါရဝပြုသည် ဟု ထုတ်ပြန်ခဲ့ပြီး ကျားဖြန့်ဂိုဏ်း အကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေးကို ဆွေးနွေးကာ မြဝတီဒေသသို့ အတူတကွ သွားရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

“အမေရိကန် ခြေရှုပ်လာမှာကို တရုတ်က စိုးရိမ်တယ်။ ထူးခြားတာက အခု ရွှေကုက္ကိုလ်၊ KK Park နှိမ်နင်းမှုတွေမှာ အခြားသံတမန်တွေ လေ့လာကြည့်ခွင့် မရသေးခင် တရုတ်ကို ပထမဆုံး ခွင့်ပေးတာပဲ” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးကို အဓိက ကိုင်တွယ်ခဲ့သူ မစ္စတာ လျှိုကျုံးရီနှင့် စစ်ကော်မရှင်ခန့် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် တို့က လက်ရှိ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းစဉ်များကို ပူးတွဲ တာဝန်ယူထားကြောင်း သိရသည်။

တရုတ်ဒုဝန်ကြီးသည် မြန်မာ့ကျားဖြန့်ဂိုဏ်းများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပြီး ပါဝင်ပူးပေါင်းသွားမည်ဟု နေပြည်တော် တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများအရ သိရသည်။

စစ်ကော်မရှင်အနေဖြင့် အဆိုပါ ဗဟိုကော်မတီကို မြန်မာနိုင်ငံတွင် ကြီးထွားနေသည့် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရန် အမေရိကန်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အလျင်အမြန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီရှိ KK Park နှင့် ရွှေကုက္ကိုလ် ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်က ဝင်ရောက် စီးနင်းကာ အဆောက်အအုံများအား ဖြိုချနေသော်လည်း ဖမ်းဆီးပြသူများမှာ ဝန်ထမ်းများသာဖြစ်ပြီး အဓိက တာဝန်ရှိသည့် တရုတ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များကိုမူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နှင့် DKBA တို့က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်း အရင်းအမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-MOI