ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

 

စစ်ကော်မရှင်က ပဲခူးတိုင်းတွင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခြင်းမပြုလုပ်နိုင်ကြောင်း ထပ်မံ ကြေညာလိုက်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှာ ၎င်းတို့နယ်မြေစိုးမိုးနိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့များမှ စိုးမိုးထားသည့်နယ်မြေများဖြစ်ကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်းကျင်းပမည့် ရွေးကောက်ပွဲအပိုင်း-၁ နှင့် ၂ အတွက် ရွေးကောက် ပွဲမပြုလုပ်နိုင်တော့သည့် ရပ်ကွက်နှင့်ကျေးရွာများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့က ထပ်မံကြေညာခဲ့ပြီး ပဲခူးတိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၇ စု ပါဝင်လျက်ကြောင်း သိရသည်။

 

အဆိုပါဒေသများမှာ ညောင်လေးပင်၊ တောင်ငူ၊ နတ်တလင်း၊ လက်ပံတန်း နှင့် ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ မင်းလှ မြို့နယ်တို့မှ ကျေးရွာအုပ်စုများဖြစ်ပြီး အများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများလည်းဖြစ်သည်။

“ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုတွေက ရိုးမနဲ့ မြို့နယ်ရဲ့အရှေ့ဘက် ဒေသတွေက ဖြစ်တယ်ဆိုတာတွေ့ရတယ်။ အနီးဆုံးဆိုမြို့နဲ့လေးမိုင်အကွာလောက်က ကျေးရွာအုပ်စုတွေအထိ ပါဝင် လာတာတွေ့ရတယ်။ သူတို့(စစ်အော်မရှင်)အုပ်ချုပ်မှုယန္တရားက မြို့နဲ့လေးမိုင်လောက် အကွာလောက် ပဲရှိတယ်။ ဒါက သူတို့မဲရုံမဖွင့်နိုင်တဲ့ အခင်းအကျင်းလို့ပြောရင်ရတယ်” ဟု နတ်တလင်းမြို့နယ်ရှိ ရွေးကောက်ပွဲအခြေအနေနှင့်ပတ်သတ်ပြီး လေ့လာသူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် စစ်ကော်မရှင်ကကြေညာထားသည့် ရွေးကောက်ပွဲ မပြုလုပ် နိုင်သည့် ကျေးရွာများအပြင် ပဲခူးရိုးမအတွင်း ထွေအုပ်စာရင်းမရှိသည့် ကျေးရွာအများအပြားလည်း ရှိနေသည့်အတွက် စစ်အုပ်စု၏ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများမှာ ပိုမိုကျယ်ပြန့်နေကြောင်း သိရသည်။

 

ထို့ပြင် စစ်တောင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ညောင်လေးပင်၊ ရွှေကျင်၊ တောင်ငူ၊ ထန်းတပင်၊ ရေတာရှည် စသည့်မြို့နယ်များမှာလည်း မကြာခဏတိုက်ပွဲများဖြစ်လေ့ရှိကာ မြို့ပေါ်မှအပ ကျန်ဒေသ အားလုံးနီးပါး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများဖြစ်ကြောင်း သိရသည်။

 

“အဲ့ဒီကျေးရွာအားလုံးက PDF တွေသိမ်းထားတာလေ။ သူတို့(စစ်တပ်)လုပ်နိုင်တာက မြို့လေးကွက် ကွက်လေးပဲရှိတယ်။ မဲဆွယ်မျိုးတော့ရှိပေမဲ့ ရွာတွေဘက်မဆင်းရဲကြပါဘူး” ဟု ပဲခူး(အရှေ့ခြမ်း) အခြေစိုက်တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်နှင့်ကျေးရွာ ၃၀၀၀ နီးပါးတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထပ်မံကြေညာခဲ့ရခြင်းဖြစ်သည်။ တော်လှန်ရေး အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတု မကျင်းပနိုင်သည့် ကျေးရွာအုပ်စု ၉၀၂ ခုအထိ ပါဝင်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်