ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
မြန်မာနိုင်ငံသားများအတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရန် ရည်ရွယ်သည့် “All in One Piece Movement” အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ဦးဆောင်တောင်းဆိုသည့် ဤလှုပ်ရှားမှုသည် မြန်မာ့အရေးနှင့် နိုင်ငံတကာလှုပ်ရှားမှုအား အရှိန်အဟုန် မြှင့်တင်ရန် ရည်ရွယ်သည်။

ကိုထိန်လင်း၏ မိခင်ဒေါ်အောင်ဆန်းစုကြည်သည် လေး နှစ်ကျော်ကြာ အလုံးစုံနီးပါး အထီးကျန်စွာ ထိန်းသိမ်းခံထားရပြီး မိသားစုနှင့် တွေ့ဆုံခွင့်၊ ဥပဒေရေးရာအကူအညီနှင့် အခြေခံလူ့အခွင့်အရေးများ ဆက်တိုက်ငြင်းပယ်ခံနေရကြောင်း သိရသည်။
“အခုလို အရေးကြီးတဲ့အချိန်မှာ တက်ညီလက်ညီရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ပေါင်းစည်းနိုင်ရင် ပိုပြီး မြန်မြန်အနိုင်ရနိုင်မှာပါ။ အားလုံး အတူတကွ ရပ်တည်တဲ့အခါ ပြိုကွဲဖို့ခက်ပါတယ်” ဟု ကိုထိန်လင်း က ပြောကြားခဲ့သည်။

ထို့အပြင် ကိုထိန်လင်းက ကမ္ဘာ့အစိုးရများနှင့် ခေါင်းဆောင်များအနေဖြင့် သံတမန်ရေးအရ ဖိအားများ တိုးမြှင့်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအား အလေးထားရန်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းများကို ထောက်ခံရန်လည်း တိုက်တွန်းပြောကြား ခဲ့သည်။
“မေမေ့ရဲ့ လွတ်လပ်မှုက မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ခွဲခြားလို့မရပါဘူး။ မေမေ့အတွက် တရား မျှတမှုဟာ နိုင်ငံ့အတွက် တရားမျှတမှုပဲ ဖြစ်ပါတယ်” ဟု ကိုထိန်လင်းက ဆိုသည်။
ဓာတ်ပုံ – ALL IN ONE PIECE MOVEMENT