ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
မြောက်ဦးတွင် လူအစုအလိုက်အပြုံလိုက်သေဆုံးသည်အထိ လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်တပ်က ထပ်မံ၍ မြောက်ဦးအပါအဝင် မြို့နယ် သုံးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ထပ်လုပ်လာကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၂ ရက် ည ကိုးနာရီအချိန်ခန့်မှစတင်ကာ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို လေကြောင်းမှနေ၍ ဆင့်ပွားပေါက်ကွဲစေသော ကလပ်စတာဗုံးများ၊ ဒုံးကျည်ရော့ကတ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဝါဘိုရွာ နှင့် ခမောင်းတောရွာဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်၊ မြောက်ဦးမြို့နယ် ရဲတပ်ရင်း ၃၁ ဝန်းကျင်တို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း ရပ်ကွက် သုံးရပ်ကွက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ည ခုနှစ်နာရီအချိန်ခန့်မှစတင်ကာ စစ်တွေရှိ ပဒလိပ်ကျေးရွာတွင်နေရာယူထားသော စစ်ကော်မရှင်တပ်ရင်းများမှနေ၍ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းတွင် စစ်ကော်မရှင်က မြောက်ဦး ပြည်သူ့ဆေးရုံကြီး လူနာဆေးကုသဆောင်တည့်တည့်ကို ပေါင် ၅၀၀ ဗုံးများကြဲချခဲ့သည့်အတွက် ပြည်သူ ၃၃ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။
ဆေးကုသမှုခံယူနေရသော အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မှုအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်လာသော်လည်း စစ်ကော်မရှင်က အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ဆက်လက်လုပ်နေခြင်းဖြစ်သည်။
ဓါတ်ပုံ- လူမှုကွန်ရက်
ပုံစာ-ဒီဇင်ဘာ ၁၀ရက်နေ့က ဗုံးကြဲခံခဲ့ရသည့် မြောက်ဦးဆေးရုံ