ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) တို့က စစ်ကော်မရှင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ရှိ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု အား ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်သည်။
စစ်ကော်မရှင်ကို ခုခံတော်လှန်နေသည့် အဆိုပါ ပအိုဝ်းအဖွဲ့အစည်းနှစ်ဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်တွင် ကျရောက်သော (၇၆) နှစ်မြောက် ပအိုဝ်း တော်လှန်ရေးနေ့၌ ၎င်းတို့၏ ပူးတွဲသဘောထားကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် စစ်ကော်မရှင် သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက် ကျူးလွန်မှု အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကော်မရှင် ၏ တရားမဝင် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် ခိုင်မာတည်မြဲရေးနှင့် စစ်ရာဇ ဝတ်မှုများကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ရန် သေနတ်ထောက်၍ ပြုလုပ်မည့် လုပ်ငန်းစဉ်သာ ဖြစ်ကြောင်းပြတ်ပြတ်သားသား ကန့်ကွက်ထားသည်။
အာရက္ခဒေသနှင့် ပအိုဝ်းဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှ အပြစ်မဲ့ အရပ်သားများအား နေ့စဉ် ပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာ မိသားစုအနေ ဖြင့် လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်း၊ အပြစ်ပေးအရေးယူရန်PNFC နှင့် PNLO/PNLA တို့က တောင်းဆိုထားသည်။
ပအိုဝ်းအဖွဲ့အစည်းနှစ်ဖွဲ့သည် တရားမျှတမှု ရရှိစေရန်နှင့် ကျူးလွန်ခဲ့သူများအား ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရေးအတွက် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမူ” ကို ပိုမိုခိုင်မာကျယ်ပြန့်စွာ စုပေါင်းဆင်နွှဲသွားမည်ဟု ကြေညာသည်။
၎င်းတို့အနေဖြင့်လည်း ပအိုဝ်းလူမျိုးနှင့် ဒေသလွတ်မြောက်ရေးသည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးနှင့် ထပ် တူကျကြောင်း ဖော်ပြပြီး နိုင်ငံတစ်ဝှမ်း ဒေသပေါင်းစုံမှ ပြည်သူတစ်ရပ်လုံး အတူတကွ လွတ်မြောက်မှသာ “လွတ်မြောက်ရေး အစစ်အမှန်” ဖြစ်သည်ဟု ခံယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။