ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဒီဇင်ဘာ ၁၂ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးပြီး လက် နက်ခဲယမ်းအများပြား သိမ်းဆည်းရမိကြောင်း ချင်းပြည်အစိုးရ (CC) ၏ စစ်ရေးသတင်း ရင်းမြစ်ထံမှ သိရသည်။

 

ဝေဘူလမြို့မှ တက်လာသော စစ်ကော်မရှင် စစ်ကြောင်းသည် ဖလမ်းမြို့ကို ဝင်ရောက်ရန် ကြိုးပမ်းနေသည့်အတွက် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီမှစ၍ Sumhrang ရွာတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။

“ဖလမ်းမြို့နဲ့ ၁၀ မိုင်အကွာ Sumhrang ရွာမှာ မနေ့က တနေကုန် ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်တယ်။ စစ်ကော်မရှင် စစ်ကြောင်းက ဖလမ်းမြို့ကို ဝင်ဖို့အတွက် တက်လာတာပါ။ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး စစ်ကော်မရှင်ဘက်က အထိနာများလို့ ရွာကနေ တပ်ပြန်ဆုတ် သွားပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ ၂၀ ဦးထက်မနည်း သေဆုံးပြီး တပ်မ (၇၇) မှ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ စနိုက်ပါအပါအဝင် လက်နက်ခဲယမ်း အများ အပြားလည်း သိမ်း ဆည်းရမိကြောင်း သိရသည်။

“စစ်ကော်မရှင်တပ်ဘက်က အယောက် ၂၀ လောက် သေတယ်။ တချို့က အလောင်းရတယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း များတယ်။ စနိုက်ပါ၊ ဒရုန်း၊ လက်နက်ငယ် ၃၀ ကျော်၊ ငါးကြင်းမြှီး၊ လက်ပစ်ဗုံးနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲတွင် အထိနာများသည့် စစ်ကော်မရှင်တပ်သည် Y 12 လေယာဥ်နှင့် ဂျက်ဖိုက်တာ နှစ်စီးတို့ဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ အကြိမ်ရေ ၆၀ ထက်မနည်း အဆက်မပြတ် လေကြောင်း ပစ်ကူ ပေးနေကြောင်း သိရှိရသည်။

 

ချင်းပြည်အစိုးရ (CC) နှင့် ချင်းညီနောင် (CB) အဖွဲ့ဝင်များဖြစ်ကြသည့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော Kalay Revolution Force (KRF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ- ဖလမ်းမြို့အနီးတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။