‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၃ ရက်

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၃၃ ဦး သေဆုံးခဲ့ရ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကော်မရှင်က သတင်းမှန်ထုတ်ပြန်ချက် ဟုဆိုကာ ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းတွင် တန်ပြန်ထုတ်ပြန်လာသည်။

 

ထုတ်ပြန်ချက်၌ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများသည် အကြမ်းဖက်သောင်းကျန်းသူများ သာဖြစ်ပြီး ပိတ်သိမ်းထားသည့် ဆေးရုံအဆောက်အအုံကို အာရက္ခတပ်တော် (AA) က စစ်စခန်းအဖြစ် အကာအကွယ်ယူကာ အသုံးပြုနေသည် ဟု စွပ်စွဲပြောဆိုထားသည်။

စစ်ကော်မရှင်က ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုသည် တိကျခိုင်မာသော သတင်းပေးချက်အရ အကြမ်း ဖက်ချေမှုန်းရေး စစ်ဆင်ရေး အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။

 

မြောက်ဦးပြည်သူ့ဆေးရုံသည် ၎င်းတို့အနေဖြင့် တရားဝင်ပိတ်သိမ်းထားသည့် အဆောက်အအုံဖြစ်ပြီး AA အဖွဲ့က စစ်စခန်းအဖြစ် အသုံးပြုနေသည်ကို ခိုင်လုံသော အမာခံ သတင်းများအရ သိရှိရသည်ဟု ဆိုသည်။

 

ထို့ကြောင့် သေဆုံးသွားသူများသည် ဆေးရုံကို အကာအကွယ်ယူကာ စစ်စခန်းအဖြစ်အသုံးပြုနေသည့် အကြမ်းဖက်နှင့် အကြမ်းဖက်အားပေးများ ဖြစ်သည့်အတွက် စစ်တပ်အနေဖြင့် အကြမ်းဖက်ချေမှုန်း ရေး စစ်ဆင်ရေးကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ခြိမ်းခြောက် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ဆေးလာရောက်ကုသနေသော အရပ်သားပြည်သူ ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများရှိ အဖွဲ့အစည်းများနှင့် မီဒီယာများက စစ်ကော်မရှင်၏ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချ မှုများ ပြုလုပ်လာသည့်အတွက် ယခုကဲ့သို့ သေဆုံးသွားသူများကို အကြမ်းဖက်နှင့် အကြမ်းဖက် အားပေးသူများဟု တန်ပြန်စွပ်စွဲသည့် ထုတ်ပြန်ချက်တစ်စောင်ကို စစ်ကော်မရှင်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

 

ပုံစာ-မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၃ ရက်