ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
စစ်ကော်မရှင်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်သည့် ရခိုင်ပြည်နယ်၊ မြောက်ဦး ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပေါ် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာက အရေးယူပေးရန် အကူညီတောင်းခံကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) က ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ရာတွင် စစ်ကော်မရှင်နှင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်နေမှုများကို တရုတ်အစိုးရသိရှိနိုင်ရန် ရည်ရွယ်၍ တရုတ်ဘာသာဖြင့်လည်း ထုတ်ပြန်ထားသည်။ ထို့အပြင် နိုင်ငံတကာကပါ သိရှိနိုင်စေရန် အင်္ဂလိပ်၊ တရုတ်၊ မြန်မာ သုံးဘာသာဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုများကျူးလွန်နေမှုအပေါ် နိုင်ငံတကာအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်း ထိန်းကျောင်း ပေးရန်အကူညီတောင်းထားပြီး ထိထိရောက်ရောက် အပြစ်ပေးနိုင်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ကြုံတွေ့ရခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရရှိချိန်တွင် မြောက်ဦးဆေးရုံသည် အာရက္ခ (ရခိုင်)ပြည်သူများ အားထားရသည့်ဆေးရုံဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲမှုကြောင့် မြောက်ဦးဆေးရုံအတွင်း ဆေးကုသမှုခံယူနေသူ ၃ လအရွယ်မိန်းကလေးအပါအဝင် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၁၆ ဦးပွဲချင်းပြီးသေဆုံးရကာ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ၇၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA ကထုတ်ပြန်သည်။
ထို့အပြင်အများပြည်ပိုင်ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေသော အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် ပြစ်မှုကျူးလွန်သူ၊ ပြစ်မှုကျူးလွန်ရန်စေခိုင်းသူအပါအဝင် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ULA/ AA ကဆိုထားသည်။
ULA/AA အနေဖြင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းရ သေးချိန်တွင် စစ်ရေးအရ မလွှဲမရှောင်သာလုပ်ဆောင်ရသော်လည်း နိုင်ငံတကာစစ်ဥပဒေအတိုင်း လိုက်နာပြီး အရပ်သားပြည်သူ လူထုထိခိုက်နစ်နာမှုကို ရှောင်ကျဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ -ULA/AA