ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ လက်ပံလှကျေးရွာသို့ စစ်ကြောင်းနီးကပ်လာချိန်တွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် ညနေသုံးနာရီကျော်ခန့်တွင် လက်ပံလှကျေးရွာအတွင်းကို စစ်ကော်မရှင်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။
“ရွှေပြည်ရွာကိုတော့ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး သိမ်းယူသွားပြီ။ လက်ပံလှအနီး မိုင်အနည်းငယ်ကို စစ်ကြောင်းထပ်တိုးတယ်။ မြေပြင်စစ်ကြောင်းထိုးဖို့ ရှေ့ပြေးအနေနဲ့ လေယာဉ်လည်း လာပစ်သွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချောင်းကြီး၊ ကျည်တောက်ပေါက်ကျေးရွာများဘက်မှ ဆင်းလာသည့် စစ်ကော်မရှင်စစ်ကြောင်း နွယ်ရုံကျေးရွာအထိ ရောက်ရှိနေပြီး လက်ပံလှနှင့် ခုနှစ်မိုင်သာ ကွာဝေးတော့သည့်အခြေအနေတွင် စစ်ကော်မရှင်က လက်ပံလှကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
မတ္တရာ ပတ်လည်အင်းကျေးရွာမှ တက်လာသည့် စစ်ကြောင်းများသည် ရွှေပြည်ရွာအတွင်းသို့ စတင်ဝင်ရောက်လာသည့်အတွက် ဒေသခံများ တိမ်းရှောင်သွားကြကာ စစ်ကော်မရှင်က ရွာအတွင်း ယာယီခြေကုပ်ယူထားပြီး လက်နက်ကြီးများဖြင့် ရွာအနောက်ဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်အင်းကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး စစ်ကော်မရှင်က လက်ပံလှလမ်းဆုံအထိ စစ်ကြောင်းထိုးရန် ဦးတည်နေကြောင်း သိရသည်။
ရွှေပြည်ကျေးရွာအတွင်းကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်မှစပြီး ကင်းထောက်တပ်များစေလွှတ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က ရှေ့ ပြေးတပ်များ ရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။
ယမန်နေ့ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်မူ ရွှေပြည်ကျေးရွာကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်က ရွှေပြည်နှင့် အနီးရှိ လက်ပံလှကျေးရွာများကို မြေပြင်စစ်ကြောင်းမရောက်ခင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ကာ လုပ် ဆောင်လာကြောင်း သိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လက်ပံလှကျေးရွာအနီး စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲပြီးမြင်ကွင်း