နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများကို ဗုံးကြဲတိုက်ခိုက်၍ ပညာရေးတွင် ရင်းနှီးမြှုပ်နှံကြရန်နှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်သွားရန် အာဏာသိမ်း စစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ လက်အောက်ခံ Non-CDM များအား စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် ရန်ကုန်မြို့သို့ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်က သွား ရောက်၍ ၎င်း၏ လက်အောက်ခံ တိုင်း၊ ခရိုင်အဆင့် Non-CDM များနှင့် တွေ့ဆုံကာ နိုင်ငံ၏ ပညာရေးတွင် အားနည်းမှုများ ရှိနေသဖြင့် ရင်းနှီးမြှုပ်နှံရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“၎င်းတို့အနေနဲ့ ပညာရည်မြှင့်တင်ရေး လုပ်ငန်းကို အလေးထားအားပေး မြှင့်တင်လျက်ရှိပြီး ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က မဟုတ်မမှန်ပြောဆိုကာ စည်းရုံးခဲ့သည်။
ထို့အပြင် လာမည့် ဖေဖော်ဝါရီတွင် အခြေခံပညာ အတန်းတင်စာမေးပွဲများ ဖြေဆိုတော့မည်ဖြစ်၍ ရာနှုန်းပြည့် ဖြေဆိုနိုင်ရေးနှင့် နောင်နှစ်တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ရန် စစ်ခေါင်းဆောင်က ဆိုသည်။
သို့သော် လက်ရှိတွင် စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကော်မရှင်သည် နိုင်ငံတဝန်းရှိ အရပ်သားများကို ပစ်မှတ်ထား၍ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများအား လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေရာ လူအများအပြား သေဆုံးလျက်ရှိသည်။
စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၄၁၀ ၊ ဆေးရုံဆေးခန်း ၁၃၉ ခုနှင့် ဘာသာရေးအဆောက်အအုံ ၆၂၁ ခုတို့ ပျက်စီးဆုံးရှုံးပြီး ကလေး သူငယ် ၈၇၆ ဦးအပါအဝင် ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့ကြောင်း NUG က ထုတ် ပြန်သည်။
စစ်ခေါင်းဆောင်ကမူ ၎င်းတို့အနေဖြင့် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ကြိုးပမ်းနေပြီး ဝန်ထမ်းများ အကျိုးခံစားခွင့်ကိုလည်း ထိုက်သင့်သလောက် တိုးမြှင့်ပေးထားကြောင်း ရန်ကုန်မြို့ရှိ Non-CDM များနှင့် တွေ့ဆုံစဉ် စည်းရုံးပြောဆိုထားသည်။
ဓာတ်ပုံ-MOI