ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ရက်
ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦး ဆေးရုံကို ဗုံးကြဲ၍ ပြည်သူအစုလိုက်အပြုံလိုက်ကို သေဆုံးစေခဲ့သည်။ ထိုသို့သေဆုံးစေခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၁၁ရက်၊ ညနေ ၇ နာရီ ၃၄ မိနစ်ခန့်က ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းကို ဂျက်တိုက်လေယာဉ်တစ်စီးပေါ်မှ ဗုံး နှစ် လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် င/လုံးစု အထက်ရွာ နှင့် အောက်ရွာအတွင်းမှ အပြစ်မဲ့အရပ်သားပြည်သူ ရှစ် ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၁၀ ဦးခန့်ဒဏ်ရာရရှိထားသည်ကို ကနဦးအနေဖြင့် သိရှိရကြောင်း AA ကဆိုသည်။
စစ်ကော်မရှင်သည် ယမန်နေ့တစ်ရက်တည်းတွင်ပင် ဂွမြို့အနီးပတ်ဝန်းကျင်ကိုလည်း ရေကြောင်း၊ လေ ကြောင်းတို့မှ တိုက်ခိုက်ခဲ့သည်။ စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် အကြိမ် ၃၀ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ဖြင့်လည်း လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တွင် စစ်ကော်မရှင်၏ မြောက်ဦးပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံး၂လုံးဖြင့်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး အစုလိုက် အပြုံလိုက်သေဆုံးပြီး ၇၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကော်မရှင်သည် ရှမ်းမြောက်အပစ်ရပ်ပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိဖြင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးလျက်ရှိသည်။